ကျောင်းကုန်းမြို့နယ်တွင် အားကစားဖွံ့ဖြိုးရေး Pilot Project လုပ်ငန်းများ ပြည်ထောငိစုဝန်ကြီး ကြည့်ရှုအားပေး

(အားကစား) မေ ၁၄

အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းနှင့်အဖွဲ့ဝင်များသည် မေ ၁၃ ရက် နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကျောင်းကုန်းမြို့နယ်အတွင်း အားကစားဖွံ့ဖြိုးရေး Pilot Project လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းကုန်းမြို့နယ် အားကစားကွင်းသို့ ရောက်ရှိရာတွင် ရက် (၁၀၀) စီမံချက်အရ ဆောင်ရွက်နေသော Football For School နှင့် Smart School အစီအစဉ်များအတွက် ဘောလုံးလေ့ကျင့်နေမှုများ၊ ပြေးခုန်ပစ်နှင့် သံပြားပစ်လေ့ကျင့်မှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား အချိုရည်များ ပေးအပ်ခဲ့သည့်အပြင် မြို့နယ်အားကစားမှူးထံသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အားကစားကွင်းအတွင်း တည်ဆောက်မည့် အရှည် ၉၀ ပေ၊ အနံ ၁၂၀ ပေရှိ အားကစားခန်းမအသစ်အတွက် မြေနေရာကို စစ်ဆေးကြည့်ရှုခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် မြို့နယ်အားကစားခန်းမသို့ ရောက်ရှိကာ ပိုက်ကျော်ခြင်း လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး အားကစားသမားများအား အချိုရည်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့ပြင် အားကစားခန်းမ ပြန်လည်ပြုပြင်တည်ဆောက်ရေးနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များကို လမ်းညွှန်ခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် မြို့နယ်ထွေအုပ်ရုံးသို့ ရောက်ရှိကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို လမ်းညွှန်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အေးချမ်းသာယာအစည်းအဝေးခန်းမ၌ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ကျောင်းဆရာ/ဆရာမများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲတွင် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ Pilot Project လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်း လုပ်ငန်းများအပေါ် အားရကျေနပ်ဖွယ်ရှိကြောင်းနှင့် ဆက်လက်ဖြည့်စွက်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့သည်။

ယင်းနောက် Pilot Project လုပ်ငန်းများအတွက် ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ငွေ ကျပ် ၃၀၀၀၀၀ နှင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌမှ ကျပ် ၂၀၀၀၀၀ တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN