
(ပြည်တွင်း)မေ ၁၃
မြန်မာ့သမိုင်းဝင် ပျူခေတ်ငွေဒင်္ဂါး ၃၃၃ ပြားနှင့် ကုန်း ဘောင်ခေတ်တွင် ငွေကြေးအဖြစ် အသုံးပြုခဲ့သည်ဟု ယူဆရသော ရှေးဟောင်းသတ္တုပြား ၃၂၈ ပြားတို့ကို ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ စေတနာရှင်ပြည်သူနှင့် သံဃာ တော်တို့က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မေလ ၅ ရက်နေ့တွင် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့ နယ်မှ နေထိုင်သူ ဦးဝင်းကိုကိုမောင်က မိမိ စု ဆောင်းထားသော ငွေဒင်္ဂါး ၃၃၃ ပြားကို ပေးအပ်ခဲ့သည်။ ဌာနက စစ် ဆေးကြည့်ရှုရာတွင် အဆိုပါဒင်္ဂါးများသည် ပျူခေတ်မှ ရှားပါးရှေးဟောင်းပစ္စည်းများဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ယင်းတို့သည် ပျူခေတ်၏ ကုန်သွယ်ရေး၊ သာယာ ဝပြောမှုနှင့် ငွေကြေးစနစ်တို့အတွက် အရေးပါသော အထောက်အထားများဖြစ်သောကြောင့် ပေးအပ်လှူဒါန်းသူအား ဂုဏ်ပြုချီး မြှင့်ငွေပေးအပ်ရန် ဌာနက ထောက်ခံတင်ပြခဲ့သည်။
အလားတူ မေလ ၇ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်မှ ကျောင်းထိုင်ဆရာတော် ဦးဝရဉာဏက သတ္တုပြား ၃၂၈ ပြားကို လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆရာ တော်သည် ကျောင်းဝင်းအတွင်း ဓမ္မာရုံသစ် ဆောက်လုပ်ရန်အတွက် မြေကျင်းတူးရာ မြေ အောက် ၃ ပေခန့်အကွာတွင် အဆိုပါပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ယင်းပစ္စည်းများ သည် ကုန်းဘောင်ခေတ်တွင် ငွေကြေးအဖြစ် အသုံး ပြုခဲ့သည်ဟု ယူဆရသော ရှေးဟောင်းသတ္တုပြားများ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ဤပစ္စည်းများ သည် ရှေးခေတ်ငွေ ကြေးသုံးစွဲမှု အလေ့အထကို ကိုယ်စားပြုသောကြောင့် ဆရာတော်အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ရန် တာဝန်ရှိသူများက ထောက်ခံတင်ပြခဲ့သည်။
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ ရှေးဟောင်းပစ္စည်းများကို လာရောက်အပ်နှံပါက အဆိုပါပစ္စည်း၏ တန်ဖိုး၊ သက်တမ်း၊ လက်ရာနှင့် ရှားပါးမှုတို့အပေါ် မူတည်၍ ဆုကြေးငွေကို တွက်ချက်ပေးအပ်ကြောင်း သိရသည်။ အထူးတန်ဖိုးကြီးပြီး ရှားပါးသော ပစ္စည်းများအတွက် ထပ်ဆောင်းဆုကြေးများ ထည့်သွင်းပေးအပ်သည့်အပြင် ပေးအပ်သူအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆု ငွေများကို ချီးမြှင့်ပေးအပ်လေ့ရှိသည်။
သမိုင်းဝင်ပစ္စည်းများသည် အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များဖြစ်သောကြောင့် မိမိတို့လက်ဝယ်ရှိပါက သက်ဆိုင်ရာဌာနများသို့ အသိပေးအပ်နှံခြင်းဖြင့် သမိုင်းအထောက်အထားများ ထိန်းသိမ်းရာတွင် ပူး ပေါင်းပါဝင်ကြရန် ဌာနက တိုက်တွန်းထားသည်။
#Archaeology #MyanmarHistory #PyuDynasty #KonbaungEra #AncientCoins #Heritage #PositiveAngleNews #Mandalay #Magway
Telegram»…
https://t.me/positiveanglenews
#PAN