ဘိုကလေးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့် ရွေးချယ်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

(ပြည်တွင်း) မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနှင့် ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို မေ ၁၂ ရက် နေ့လည် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံ/အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံ/အုပ်ချုပ်ရေး ဥက္ကဋ္ဌက အသစ်ပြင်ဆင်ဖွဲ့စည်းထားသည့် အဖွဲ့ဝင် ဦးအောင်မျိုးလှိုင်နှင့် တက်ရောက်လာသူများကို မိတ်ဆက်ခဲ့ပြီး မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဒေါ်ရတနာမျိုးက ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် လိုက်နာရမည့် နည်းဥပဒေများကို PowerPoint ဖြင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်စီမံ/အုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က ရပ်မိရပ်ဖ ငါးဦး စတင်ရွေးချယ်ခြင်း၏ အရေးကြီးမှုနှင့် ဘိုကလေးမြို့နယ်အတွင်း နယ်မြေကျယ်ဝန်း၍ သွားလာရေးခက်ခဲသည့်အခြေအနေများကြောင့် ကြီးကြပ်ရေးအဖွဲ့ (၁၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ စနစ်တကျ ပြီးမြောက်စေရန် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဆွေးနွေးပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဌာနဆိုင်ရာများကလည်း အပြန်အလှန် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#PAN