(ပြည်တွင်း) မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ဓနုဖြူမြို့နယ် အမှတ် (၁၀) ရပ်ကွက် ကျိုက္ကလွန်ပွန်းစေတီ တောမြတ်ကြီးအတွင်းရှိ ဦးဖိုးရွှေတန်ဆောင်းတော်ကြီးတွင် မေ ၁၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်က ပြည်သူ့အတွက် ရက်ပေါင်း (၁၀၀) ကာလအတွင်း မှုခင်းကျဆင်းရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဌေး၊ မြို့နယ်ရဲမှူး အောင်နိုင်ဝင်းနှင့် ရဲအရာရှိများ၊ ဝန်ထမ်းများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်းနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကြည်ဌေးတို့က မိတ်ဆက်အမှာစကားများ ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရဲမှူး အောင်နိုင်ဝင်းက “မှုခင်းကျဆင်းရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဓနုဖြူမြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်ကိုကိုက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ယာဉ်/စည်းကမ်းတာဝန်ခံ ရဲတပ်ကြပ်ကြီး ဖြိုးအောင်က ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းအသိပညာပေး ဟောပြောခြင်း၊ မြို့နယ်သတင်းရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး ဇော်ကြီးက လုံခြုံရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားအတွင်း မှုခင်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

#PAN