ညောင်တုန်းနှင့် ရေကြည်မြို့နယ်များ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲများ ကျင်းပ

(စိုက်ပျိုးရေး) မေ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ ဆောင်ရွက်သည့် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲများကို မေ ၁၂ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် ကျင်းပသည့် အခမ်းအနား၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်က တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လွယ်ကူစွာ ရင်းနှီးမြှုပ်နှံနိုင်ရန် ချေးငွေထုတ်ချေးခြင်းဖြစ်သဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြသန်းက လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားခဲ့ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဦးအောင်ဝင်းမျိုးက ဘဏ်၏လုပ်ငန်းများနှင့် ချေးငွေထုတ်ချေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တာဝန်ရှိသူများက ညောင်ဝိုင်းကျေးရွာအုပ်စုနှင့် ဗျောသလန်းကျေးရွာအုပ်စုမှ တောင်သူ ၂၂၀ ဦးသို့ စိုက်ဧက ၁၄၈၁ ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၄၄၄၃ သိန်းကို တောင်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ကျန်ရှိသည့် ကျေးရွာအုပ်စု ၄၀ အုပ်စုသို့လည်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ဆက်လက်ထုတ်ချေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ရေကြည်မြို့နယ်၌လည်း မေ ၁၂ ရက် နံနက် ၉ နာရီအချိန်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အိအိချော တက်ရောက်ကာ တောင်သူများအား ချေးငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်မှုများသည် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#PAN