နျူကလီးယားထိပ်ဖူးတပ် “Satan II” ဒုံးကျည်သစ်ကို ရုရှားစမ်းသပ်အောင်မြင်၊ ကမ္ဘာ့အင်အားအကောင်းဆုံးဟု ပူတင်ကြေညာ

(နိုင်ငံတကာ)မေ ၁၃

     ရုရှားနိုင်ငံသည် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သော တိုက်ချင်းပစ် ဘဲလစ်စတစ်ဒုံးကျည်အသစ်ကို စမ်း သပ်ပစ်ခတ်ခဲ့ပြီးနောက် သမ္မတ ဗလာဒီမာပူတင်က ၎င်း၏ ‘ဆာမတ်'(Sarmat) လက်နက်သည် ကမ္ဘာ့ “အင်အားအကောင်းဆုံး” ဒုံးကျည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

     ရုရှားနိုင်ငံတော်ရုပ်မြင်သံကြားသည် မော်စကို၏ အောင်မြင်သော ဒုံးကျည်ပစ်လွှတ်မှုအခြေအနေကို ရုရှားမဟာဗျူဟာမြောက် ဒုံးပျံတပ်ဖွဲ့မှူး ဆာဂေး ကာရာကာယပ်ဗ်(Sergei Karakayev)က သမ္မတပူတင်ထံ အစီရင်ခံတင်ပြနေသည့် ရုပ်သံမှတ်တမ်းကို အင်္ဂါနေ့တွင် ထုတ်လွှင့်ခဲ့သည်။

     အနောက်နိုင်ငံများက “Satan II” ဟု အမည်ပေးထားသော ဆာမတ်ဒုံးကျည်သည် ကမ္ဘာပတ်လမ်းကြောင်းခွဲ(Suborbital flight) အဆင့်အထိ ပျံသန်းနိုင်စွမ်းရှိပြီး ကီလိုမီတာ ၃၅,၀၀၀ (မိုင်ပေါင်း ၂၁,၇၅၀) ထက်မက အကွာအဝေးသို့ ရောက်ရှိနိုင်ကြောင်းနှင့် “လက်ရှိရှိနေသည့် သို့မဟုတ် နောင်ပေါ်ပေါက်လာမည့် ဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ဖောက်ထွင်းနိုင်စွမ်းရှိကြောင်း” ပူတင်က ဆိုသည်။

     ယခုစမ်းသပ်မှုသည် နှစ်ပေါင်းများစွာ ကြန့်ကြာမှုများဖြစ်ပွားခဲ့ပြီးမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဆာမတ်ဒုံး ကျည်ကို ၂၀၁၁ ခုနှစ်တွင် စတင်တီထွင်ခဲ့ခြင်းဖြစ်ပြီး၊ အင်္ဂါနေ့မတိုင်မီက အောင်မြင်သော စမ်းသပ် မှုတစ်ကြိမ်သာ ရှိခဲ့ဖူးကာ ၂၀၂၄ ခုနှစ်အတွင်း စမ်း သပ်မှုတစ်ခုတွင်မူ ကြီးမားသော ပေါက်ကွဲမှုဖြစ်ပွားပြီး ကျရှုံးခဲ့ဖူးကြောင်း သိရသည်။

     ဆာမတ်ဒုံးကျည်သည် ဆိုဗီယက်ခေတ်က တည် ဆောက်ခဲ့သည့် ‘ဗွိုင်ဗိုဒါ’ (Voyevoda) ဒုံးကျည် ၄၀ ခန့်၏နေရာတွင် အစားထိုးရန် ရည်ရွယ်ခြင်း ဖြစ် သည်။ ပူတင်၏အဆိုအရ ဆာမတ်သည် ဗွိုင်ဗိုဒါကဲ့သို့ပင် အစွမ်းထက်သော် လည်း ပစ်မှတ်ကို ထိမှန်နိုင်စွမ်း ပိုမိုတိကျကြောင်း သိရသည်။

     ယခုစမ်းသပ်မှုသည် အမေရိကန်နှင့် ရုရှားတို့၏ နျူက လီးယားလက်နက်တိုက်များကို ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့သည့် လက်နက်ထိန်း ချုပ်ရေး သဘောတူညီချက်များ ပြိုလဲသွားမည့်အရေး စိုးရိမ်နေရချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ် သည်။ မဟာဗျူဟာမြောက် ထိပ်ဖူးများနှင့် ပစ်လွှတ်မှုစနစ်များကို ကန့်သတ်ထားသည့် နောက် ဆုံးကျန်ရှိနေသော ‘နယူးစတက်တ်'(New START) စာချုပ်သည် ဖေဖော်ဝါရီလတွင် သက်တမ်းကုန်ဆုံးသွားခဲ့သဖြင့် ကမ္ဘာ့အကြီးဆုံး နျူကလီးယားအင်အားကြီးနှစ်နိုင်ငံအကြား နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရားဝင်ကန့်သတ်ချက်များ မရှိတော့သည့် အခြေ အနေသို့ ရောက်ရှိသွားခဲ့သည်။

     သမ္မတပူတင်သည် ရုရှား၏ နျူကလီးယားစွမ်း အားကို မြှင့်တင်ရန်အတွက် မြေပြင်အခြေစိုက် တိုက်ချင်းပစ်ဒုံး ကျည်အသစ် ရာပေါင်းများစွာ ဖြန့်ကြက်ခြင်း၊ နျူကလီး ယားရေငုပ်သင်္ဘောသစ်များ တည် ဆောက်ခြင်းနှင့် နျူက လီးယားသယ်ဆောင်နိုင်သော ဗုံးကြဲလေယာဉ်များကို ခေတ်မီအောင် ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၎င်းသည် ဆာမတ်ဒုံးကျည်နှင့်အတူ အသံထက် ၂၇ ဆ မြန်သော ‘အာဗန်ဂတ်’ (Avangard) ဟိုက်ပါဆိုးနစ်ဒုံးကျည် အပါ အဝင် လက်နက်စနစ်အသစ်များကို ပထမဆုံး ထုတ် ဖော်ပြသခဲ့သည်။

     ရုရှားသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းကို ကျူး ကျော်တိုက်ခိုက်ရာ၌ အသုံးပြုခဲ့သော ‘အိုရက်ရှ်နစ်’ (Oreshnik) အလတ်စား ဘဲလစ်စတစ်ဒုံးကျည်ကိုလည်း တပ်တော်ဝင်ခဲ့သည်။ ထို့ပြင် အနုမြူစွမ်းအင်သုံး အသေးစား အင်ဂျင်များဖြင့် မောင်းနှင်သည့် ‘ပိုဆီဒွန်’ (Poseidon) ရေအောက်ဒရုန်းနှင့် ‘ဗျူရီဗက်စနစ်’ (Burevestnik) ခရုစ်ဒုံးကျည်တို့မှာလည်း “နောက်ဆုံးအဆင့်” သို့ ရောက်ရှိနေပြီဟု ပူတင်က ကြေညာခဲ့သည်။

     အမေရိကန်က ၂၀၀၁ ခုနှစ်တွင် ဒုံးကျည်ကာကွယ် ရေးဆိုင်ရာ စာချုပ်မှ နှုတ်ထွက်ပြီးနောက် တည် ဆောက်ခဲ့သည့် ဒုံးကျည်ကာကွယ်ရေးအကာအရံ (Missile Shield) ကို တုံ့ပြန်ရန်အတွက် ဤလက်နက်သစ်များကို ထုတ်ဖော်ရခြင်းဖြစ်ကြောင်း ပူတင်က ရှင်းပြခဲ့သည်။ အမေရိကန်၏ ကာကွယ်ရေးစနစ်ကြောင့် ရုရှား၏ ဗျူဟာမြောက်လုံခြုံရေးကို ခြိမ်း ခြောက်လာနိုင်သည့်အတွက် “အင်အားချင်း ညီမျှမှုရှိစေရန် စဉ်းစားဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်” ဟု ၎င်းက ဆိုသည်။

​#Russia #Putin #Sarmat #SatanII #NuclearMissile #BreakingNews #PositiveAngle News #GlobalSecurity #MilitaryUpdate

Telegram»…
https://t.me/positiveanglenews

#PAN