(ပြည်တွင်း) မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူသည် ယနေ့နံနက်ပိုင်းမှစ၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် ပေပင်ကြီးရွာ၌ မဲဆန္ဒရှင် ၈၀ ဦးနှင့် တွေ့ဆုံခဲ့ပြီး နံနက် ၁၁ နာရီတွင် ပေပင်လေးရွာ၌ မဲဆန္ဒရှင် ၇၀ ဦးနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။
ထို့နောက် မွန်းလွဲ ၁ နာရီအချိန်တွင် ချောင်းစောက်အုပ်စု ကန့်မလာရွာ၌ ပြည်သူ ၁၀၀ ဦးနှင့် တွေ့ဆုံခဲ့ပြီး ညနေ ၃ နာရီအချိန်တွင် ရှမ်းရွာကျေးရွာအုပ်စု သူဌေးကုန်းရွာ၌ ပြည်သူ ၈၀ ဦးနှင့်လည်းကောင်း တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံမှုများတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောမူက တတိယအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးများအတွင်း ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့အပြင် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကိုလည်း နားထောင်မှတ်သားခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ လိုက်ပါသွားသော မြို့နယ်ပါတီယာယီဥက္ကဋ္ဌ ဦးသန်းထွန်း၊ ကော်မတီဝင် ဦးကြည်ခိုင်နှင့် ဦးမြင့်အေးတို့ကလည်း ကျေးရွာအုပ်စုပါတီကော်မတီဝင်များနှင့် စည်းရုံးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

#PAN