အောင်ပန်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အောင်ပန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် မေလ ၁၁ ရက်က ကင်းလှည့်ဆောင်ရွက်စဉ် အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်၊ နယ်မြေ (၁)၊ အောင်ပန်း-ပင်းတယ ကားလမ်းဘေး အရောက်တွင် မသင်္ကာဖွယ် လမ်းလျှောက်လာသူ စိုင်းပန်ချိန် နှင့် နန်း‌ရွှေယိင်းအား စစ်ဆေးရှာဖွေရာ နန်းရွှေယိင်း လွယ်ထားသည့် ချည်လွယ်အိတ်အတွင်းမှ အပြာရောင်ပလတ်စတစ် ကပ်ခွာအိတ်များဖြင့် ထည့်လျက်ပါရှိသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ အထုပ် ၁၀ ထုပ်စည်း ၅ စည်း၊ စုစုပေါင်း ၁၀၀၀၀ အလေးချိန် ၉၀၀ ဂရမ် ဒေသကာလတန်ဖိုး သိန်း ၃၀ အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိုင်းပန်ချိန်နှင့် နန်း‌ရွှေယိင်းတို့အား အောင်ပန်းနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။