
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံပွဲတွင် ထိုင်ဝမ်သို့ လက်နက်ရောင်းချသည့်ကိစ္စ ထည့်သွင်းဆွေးနွေးမည်ဟု ထရန့်ပြောကြား
**********
(နိုင်ငံတကာ)မေ ၁၂
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယခုအပတ်အတွင်း ပြုလုပ်မည့် တရုတ်နိုင်ငံခရီးစဉ်တွင် သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံကာ ထိုင်ဝမ်သို့ အမေရိကန်က လက် နက်ရောင်းချနေသည့်ကိစ္စရပ်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသွားမည်ဟု အိမ်ဖြူတော်တွင် သတင်း ထောက်များကို ပြောကြားလိုက်သည်။
သမ္မတထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ပေကျင်းသို့ ရောက်ရှိမည်ဖြစ်ပြီး ကြာသပတေးနှင့် သောကြာနေ့တို့တွင် နှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်သည်။ ယခုခရီးစဉ်သည် ထရန့်အတွက် ကိုးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် တရုတ်နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာနေသည့် ကိစ္စရပ်များကို ဖြေရှင်းရန် ရည်ရွယ်ခြင်းဖြစ်သည်။
ထိုင်ဝမ်သို့ အမေရိကန်က စစ်ရေးအရ ကူညီနေခြင်းမှာ ပေကျင်းအစိုးရအတွက် အထိမခံသည့် ကိစ္စရပ်တစ်ခု ဖြစ် သည်။ အမေရိကန်သည် ထိုင်ဝမ်၏ အရေးအပါဆုံး ထောက်ခံအားပေးသူဖြစ်ပြီး တရုတ် ၏ ကျူးကျော်မှုကို ခုခံကာကွယ်နိုင်မည့် လက်နက်များကို ထောက်ပံ့ပေးလျက်ရှိသည်။ ထရန့်သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ထိုင်ဝမ်အတွက် သမိုင်းတစ် လျှောက် အကြီးမားဆုံးဖြစ်သည့် ဒေါ်လာ ၁၁ ဘီလီယံကျော် တန်ဖိုးရှိ လက်နက်အကူအညီ ပေးအပ်မည်ဟု ကြေညာခဲ့သည်။
အမေရိကန်၏ လက်နက်ရောင်းချမှုကို တရုတ်က ပြင်း ပြင်းထန်ထန် ကန့်ကွက်နေသော်လည်း အမေရိကန်သည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာနှင့် ပတ် သက်၍ တရားဝင် ရပ်တည်ချက် တစ်စုံတစ်ရာ မထားရှိဘဲ ထိုင်ဝမ်နှင့် ပေကျင်းတို့အကြား ပြဿနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းကြရန်သာ တိုက်တွန်းထားသည်။
“သမ္မတ ရှီအနေနဲ့ ကျွန်တော်တို့ကို ဒီလို (လက်နက်မရောင်းဖို့) မလုပ်စေချင်တာကို သိပါတယ်။ ဒါကြောင့် ဒီကိစ္စကို ကျွန်တော် ဆွေးနွေးပါ့မယ်။ ဒါဟာ ကျွန်တော်တို့ ဆွေး နွေးမယ့် အကြောင်းအရာအများကြီးထဲက တစ်ခုပါပဲ” ဟု ထရန့်က ဆိုသည်။
ထိုင်ဝမ်အရေးကြောင့် နှစ်နိုင်ငံအကြား စစ်ရေးအရ ထိပ်တိုက်တွေ့လာနိုင်ခြေ ရှိ၊ မရှိ မေးမြန်းမှုကို ထရန့်က ပယ်ချခဲ့ပြီး ၎င်းနှင့် ရှီကျင့်ဖျင်အကြားရှိသော ရင်းနှီးသည့် ဆက်ဆံရေးကြောင့် အခြေအနေများ ပြေလည်သွားမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အဆင်ပြေသွားမှာပါ။ သမ္မတ ရှီနဲ့ ကျွန်တော်နဲ့ကြားမှာ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ ဒီလို (စစ်ရေးတင်းမာမှုမျိုး) မဖြစ်စေချင်ဘူးဆိုတာကိုလည်း သူ ကောင်းကောင်းသိပါတယ်” ဟု ၎င်းက ဖြည့် စွက်ပြောဆိုခဲ့သည်။
#Trump #XiJinping #Taiwan #USChinaRelations #ArmsSales #BeijingSummit #BreakingNews #PositiveAngleNews #InternationalPolitics #GlobalNews
Telegram»…
https://t.me/positiveanglenews
#PAN