အီရန်စစ်ပွဲကြောင့် သင်္ဘောလမ်းကြောင်းများပြောင်းလဲလာမှုက တောင်အာဖရိကဝေလငါးများကို အန္တရာယ်ဖြစ်စေသည်ဟုဆို

(နိုင်ငံတကာ)မေ ၁၂

     အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ ပဋိပက္ခသည် ကမ္ဘာ့စီးပွားရေးကိုသာမက တောင်အာဖရိကကမ်းရိုးတန်းရှိ ဝေလငါးမျိုးနွယ်စုများကိုပါ ကြီးမားသော ခြိမ်း ခြောက်မှုဖြစ်လာစေကြောင်း သုတေသီများက သတိ ပေးလိုက်သည်။

​     ဟူသီသူပုန်များ၏ တိုက်ခိုက်မှုနှင့် ဟော်မုဇ်ရေလက် ကြား ပိတ်ဆို့မှုများကြောင့် ကုန်တင်သင်္ဘောများသည် အရှေ့အလယ်ပိုင်းလမ်းကြောင်းများကို ရှောင်ကွင်းကာ တောင်အာဖရိကရှိ Good Hope အငူကို ပတ်၍ ခုတ်မောင်းနေကြရသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ အချက်အလက်များအရ ယခုနှစ်အတွင်း ထိုဒေသတွင် သင်္ဘောသွားလာမှုသည် ပြီးခဲ့သည့်နှစ်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း သိရသည်။

​     တောင်အာဖရိကရေပြင်သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံးသော Humpback ဝေလငါးအုပ်စုကြီးများ အပါအဝင် ဝေလငါးမျိုးစိတ် ၄၀ ကျော် ကျက် စားရာနေရာဖြစ်သည်။ သင်္ဘောသွားလာမှု အဆမတန်များပြားလာပြီး သင်္ဘောအရှိန်မြင့်မောင်းနှင်မှု ၄ ဆခန့် မြင့်တက်လာခြင်းကြောင့် ဝေလငါးများ သင်္ဘောနှင့်တိုက်မိ၍ သေဆုံးနိုင်ခြေ မြင့်မားလာသည်။ ဝေလငါးများသည် အစာစားနေချိန် သို့မဟုတ် အုပ်စုလိုက်သွား လာနေချိန်တွင် အာရုံများနေတတ်ပြီး နီးကပ်လာသော သင်္ဘောများကို သတိမထားမိတတ်ကြပဲ တိုက်မိကြသည်။ ပင်လယ်ပြင်တွင် သင်္ဘောနှင့်တိုက်မိသည့် ဝေလငါးများသည် ရေအောက်သို့ နစ်မြုပ်သွားလေ့ရှိသဖြင့် သေဆုံးမှုစာရင်းမှာ အမှန်တကယ်ထက် လျော့ နည်းနေနိုင်ကြောင်း သုတေသီများက ဆိုသည်။

     အပြည်ပြည်ဆိုင်ရာ ဝေလငါးဖမ်းဆီးရေး ကော်မရှင်(IWC)သို့ တင်ပြသည့် အစီရင်ခံစာအရ သင်္ဘောလမ်းကြောင်းများကို ကမ်းရိုးတန်းမှ အနည်း ငယ်မျှ ရွှေ့ပြောင်းပေးခြင်းဖြင့် တိုက်မိနိုင်ခြေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် သင်္ဘောအရှိန်လျှော့ချခြင်းနှင့် ဝေလငါးအုပ်စုများရှိရာကို သင်္ဘောများထံ App များမှတစ်ဆင့် အကြောင်း ကြားခြင်းစသည့် နည်းလမ်းများကိုလည်း စမ်းသပ်လျက်ရှိသည်။

     တောင်အာဖရိက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာနက ဝေလငါးများကို ကာကွယ်ရန်အတွက် သိပ္ပံနည်းကျဆန်းစစ်ချက်များပြုလုပ်ကာ ရေကြောင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အတည်ပြုပြောကြားထားသည်။

​#Whales #SouthAfrica #IranWar #ShippingRoutes #Environment #InternationalWhalingCommission #BreakingNews #PositiveAngleNews #MarineLife

Telegram»…
https://t.me/positiveanglenews

#PAN