စပိန်နိုင်ငံတွင် အပျော်စီးသင်္ဘောမှ ရွှေ့ပြောင်းလာသူတစ်ဦးထံ၌ ဟန်တာဗိုင်းရပ်စ် ကူးစက်မှုအသစ် ထပ်မံတွေ့ရှိ

(နိုင်ငံတကာ)မေ ၁၂

     ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဖြစ်ပွားနေသည့် အပျော်စီးသင်္ဘောပေါ်မှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သော စပိန်နိုင်ငံသားတစ်ဦးထံတွင် ဗိုင်းရပ်စ်ပိုး ထပ်မံတွေ့ရှိကြောင်း စပိန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) ကလည်း သေဆုံးသူ ၃ ဦးအပါအဝင် စုစုပေါင်းအတည်ပြုလူနာ ၁၁ ဦးရှိပြီဖြစ်ကြောင်း အတည်ပြုထားသည်။

     အင်္ဂါနေ့တွင် ပိုးတွေ့ရှိကြောင်း အတည်ပြုခဲ့သည့် အဆို ပါအမျိုးသားသည် နယ်သာလန်အလံတင် MV Hondius သင်္ဘောပေါ်မှ ကယ်ထုတ်လာသူ ၁၂၀ ကျော်ထဲမှ တစ်ဦးဖြစ်သည်။ ၎င်းသင်္ဘောပေါ်တွင် ခရီးသည်များ သေဆုံးမှုဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတကာတွင် စိုး ရိမ်မှုများ မြင့်တက်လျက်ရှိသည်။

     မက်ဒရစ်မြို့ရှိ စစ်ဘက်ဆိုင်ရာဆေးရုံတစ်ခုတွင် တနင်္ဂနွေနေ့က သင်္ဘောပေါ်မှ ဆင်းလာသည့် စပိန်နိုင်ငံ သား ၁၄ ဦးကို သီးခြားစောင့်ကြည့် (Quarantine)ထားရှိရာ ၎င်းတို့အနက် တစ်ဦးမှလွဲ၍ ကျန်ရှိသူအားလုံးမှာ ပိုးမတွေ့ရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

     “မနေ့က ဟန်တာဗိုင်းရပ်စ် သံသယရှိခဲ့တဲ့ လူနာမှာ ပိုးရှိကြောင်း အတည်ပြုနိုင်ခဲ့ပါပြီ။ မနေ့ကတော့ လူနာမှာ အဖျားအနည်းငယ်ရှိပြီး အသက်ရှူလမ်း ကြောင်းဆိုင်ရာ လက္ခဏာအနည်းငယ် ပြခဲ့ပေမယ့် လက်ရှိမှာတော့ အခြေအနေ တည်ငြိမ်နေပြီး စိုးရိမ်စရာမရှိပါဘူး” ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆို သည်။

     WHO ၏ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၁၁ ဦးအနက် ၉ ဦးမှာ ရှားပါးမျိုးကွဲဖြစ်သည့် အန်ဒီးစ် (Andes) ဗိုင်းရပ်စ် ကူးစက်ခံထားရခြင်းဖြစ်သည်။ အဆိုပါဗိုင်းရပ်စ်သည် ပုံမှန်အားဖြင့် ကြွက်များမှတစ်ဆင့် ပျံ့နှံ့လေ့ရှိသော် လည်း လူအချင်းချင်း ကူးစက်နိုင်စွမ်းရှိပြီး လက်ရှိအချိန်အထိ ကာကွယ်ဆေး သို့မဟုတ် ကုသဆေး မရှိသေးပေ။ ​ခရီးသည် ၈၇ ဦးနှင့် ဝန်ထမ်း ၃၅ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးနောက် အဆိုပါအပျော်စီးသင်္ဘောသည် ပိုးသတ်သန့်စင်မှုများ ပြုလုပ်ရန် နယ်သာလန်နိုင်ငံသို့ ပြန်လည်ခုတ်မောင်းနေပြီဖြစ်သည်။

     “အခုအချိန်အထိတော့ အကြီးအကျယ် ပျံ့နှံ့လာမယ့် လက္ခဏာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမဲ့ ဗိုင်းရပ်စ်ရဲ့ ပျိုးချိန် (Incubation period) က ကြာမြင့်တာကြောင့် လာမယ့်ရက်သတ္တပတ်တွေမှာ ကူးစက်မှုတွေ ထပ်တွေ့လာရနိုင်ခြေ ရှိပါတယ်” ဟု WHO ညွှန်ကြား ရေးမှူးချုပ် တက်ဒရိုစ်က ပြောကြားခဲ့သည်။

     တစ်ချိန်တည်းမှာပင် နယ်သာလန်ဆေးရုံတစ်ခု၌ ဟန်တာဗိုင်းရပ်စ်လူနာ၏ သွေးနှင့် ဆီးနမူနာများကို မှားယွင်းကိုင်တွယ်မိခဲ့သည့် ဆေးရုံဝန်ထမ်း ၁၂ ဦးကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ၆ ပတ်ကြာ သီးခြားစောင့်ကြည့်ထားရှိသည်။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ဆေးရုံတစ်ခုတွင်လည်း သင်္ဘောပေါ်မှ ကယ်ထုတ်လာသည့် ပြင်သစ်အမျိုးသမီးတစ်ဦးမှာ အထူးကြပ်မတ်ကုသဆောင်တွင် အခြေအနေတည်ငြိမ်စွာ ရှိနေသည်။

     WHO က သင်္ဘောပေါ်မှ ပြန်လာသူများကို ၄၂ ရက် ကြာ သီးခြားစောင့်ကြည့်နေထိုင်ရန် အကြံပြုထား သည်။ ဤသည်မှာ အပျော်စီးသင်္ဘောပေါ်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုဖြစ်သော်လည်း ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး ကုသမှုခံယူခြင်းက အသက်ရှင်နိုင်ခြေကို ပိုမိုမြင့်မားစေကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

​#Hantavirus #Spain #MVHondius #HealthNews #WHO #BreakingNews #PositiveAngleNews #GlobalHealth #Quarantine #MedicalAlert

Telegram»…
https://t.me/positiveanglenews

#PAN