
(နိုင်ငံတကာ)မေ ၁၂
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း၊ အာဖဂန်နစ္စတန်နယ်စပ်အနီးရှိ စည်ကားလှသော စျေးတစ်ခုအတွင်း ယနေ့(အင်္ဂါနေ့)တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများက အတည် ပြုပြောကြားခဲ့သည်။
ပေါက်ကွဲမှုသည် လက္ကီမာဝပ်(Lakki Marwat)ခရိုင်အတွင်းရှိ ဆရိုင်းနော်ရန်း (Sarai Naurang) မြို့တွင် ဖြစ် ပွားခဲ့ခြင်းဖြစ်သည်။ စျေးအတွင်းရှိ လူအုပ်ကြားသို့ ဗုံးတင် ဆောင်လာသော သုံးဘီးဆိုင်ကယ် (Rickshaw) တစ်စီး ရောက်ရှိလာပြီးနောက် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ သေဆုံးသူ များထဲတွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲ နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်ကြောင်း ဒေသခံရဲအရာရှိချုပ် အက်ဇ်မက် အူလာ(Azmat Ullah)က ပြောကြားခဲ့သည်။
Rescue 1122 အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ဒဏ်ရာရရှိသူ ၃၀ ခန့်ရှိပြီး စိုးရိမ်ရသည့် လူနာများကို ဘန်နူး (Bannu) မြို့ရှိ ဆေးရုံများသို့ အမြန်ဆုံး ပို့ဆောင်ပေးခဲ့ရသည်။ THQ ဆေးရုံမှ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူ မိုဟာမက် အီရှာခ် (Mohammad Ishaq)က လက်ရှိအချိန်အထိ လူနာ ၃၇ ဦးကို လက်ခံကုသပေးထားပြီး အချို့မှာ အခြေအနေ အလွန်စိုးရိမ်ရကြောင်း ဆိုသည်။
ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးသော်လည်း၊ ပြီးခဲ့သည့် ရက်အနည်းငယ်က ဘန်နူးခရိုင်တွင် ရဲအရာရှိ ၂၁ ဦး သေဆုံးခဲ့သည့် တိုက် ခိုက်မှုအတွက် ပါကစ္စတန် တာလီဘန်(TTP) အဖွဲ့ကို အစိုးရက အပြစ်တင်ထားသည်။
အာဖဂန် တာလီဘန်အစိုးရကမူ ပါကစ္စတန်၏ စွပ် စွဲချက်များကို အခြေအမြစ်မရှိဟုဆိုကာ ပယ်ချထားသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် နှစ်နိုင်ငံအကြား တိုက်ပွဲများ အရှိန်လျော့သွားခဲ့သော် လည်း နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
#Pakistan #Explosion #LakkiMarwat #BreakingNews #PositiveAngleNews #GlobalNews #TerrorismUpdate
Telegram»…
https://t.me/positiveanglenews
#PAN