အမေရိကန်-အီရန် ထိပ်တိုက်တွေ့မှုကြားမှ ပါကစ္စတန်၏ သံတမန်ရေး ကယ်ဆယ်ရေး ကြိုးပမ်းချက်နှင့် ပြိုလဲလုနီးပါး အပစ်ရပ်စဲရေး

(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၁၃

     ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ပါကစ္စတန်က ကြားဝင်စေ့စပ်ပေးထားသည့် နုနယ်သော အပစ်အခတ်ရပ်စဲရေးမှာ ပိုမိုစိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေချိန်တွင် အမေရိကန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန် အီရန်စစ်လေယာဉ်များကို ခိုလှုံခွင့်ပေးထားသည်ဟူသော စွပ်စွဲချက်များကို ပါကစ္စတန်က ငြင်းဆိုလိုက်သည်။

     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တစ်လကြာ အပစ်အခတ်ရပ်စဲရေးမှာ “အသက်ရှူစက် အကြီး အကျယ် တပ်ထားရသည့် အခြေအနေ” ဖြစ်နေပြီဟု ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာ အင်္ဂါနေ့တွင် ပါကစ္စတန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်း ဖြစ် သည်။ ထရန့်သည် အီရန်၏ နောက်ဆုံးငြိမ်းချမ်းရေး အဆိုပြုချက်ကို “အမှိုက်ပုံ” ဟု ခေါ်ဆိုကာ ကုန်အောင်တောင် မဖတ်ရသေးဘဲ ပယ်ချခဲ့သည်။

     ထရန့်၏ မှတ်ချက်များမှာ CBS News ၏ သတင်းတစ်ရပ် ထွက်ပေါ်လာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ် သည်။ အဆိုပါသတင်းတွင် အီရန်သည် ဧပြီလ ၈ ရက် အပစ်အခတ်ရပ်စဲရေးပြီးနောက် ၎င်း၏ RC-130 ကင်း ထောက်လေယာဉ် အပါအဝင် စစ်လေယာဉ်အချို့ကို အမေရိကန်၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန် ရာဝါပင်ဒီမြို့အနီးရှိ ပါကစ္စတန်လေတပ်စခန်း (Nur Khan) သို့ ရွှေ့ပြောင်းထားသည်ဟု ဖော်ပြခဲ့သည်။

     ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းသတင်းကို “အထင်အမြင်လွဲမှားစေပြီး လုပ်ကြံဖန်တီးထားသော သတင်း” ဟု ခေါ်ဆိုခဲ့သည်။ အဆိုပါလေယာဉ်များသည် ဧပြီလ ၁၁ ရက်က အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်သည့် အမေရိကန်နှင့် အီရန်အဆင့်မြင့်အရာရှိများ၏ ဆွေးနွေးပွဲနှင့် ဆက်စပ်သော သံတမန်ရေးရာ ထောက်ပံ့ပို့ဆောင်မှုများအတွက် ရောက်ရှိလာခြင်းဖြစ်ပြီး အမေရိကန်လေ ယာဉ်များလည်း အဆိုပါအခြေစိုက်စခန်းကို အသုံးပြုခဲ့ကြောင်း ပါကစ္စတန်က ဆိုသည်။

     “ပါကစ္စတန်မှာ ရပ်နားထားတဲ့ အီရန်လေယာဉ်တွေဟာ အပစ်အခတ်ရပ်စဲရေးကာလအတွင်း ရောက်ရှိလာတာဖြစ်ပြီး စစ်ရေးအရ ကြိုတင်ပြင်ဆင်မှု ဒါမှမဟုတ် ကာကွယ်မှုအစီအစဉ်တွေနဲ့ လုံးဝသက်ဆိုင်ခြင်းမရှိပါဘူး” ဟု ဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

ဝါရှင်တန်၏ စိုးရိမ်မကင်းဖြစ်မှု

     ပါကစ္စတန်၏ ငြင်းဆိုမှုများက ဝါရှင်တန်ရှိ စိုးရိမ်မှုများကို လျော့ကျစေခြင်း မရှိပေ။ CNN ၏ သတင်းတစ်ရပ်အရ ထရန့်အစိုးရအဖွဲ့ဝင် အချို့သည် ပါကစ္စတန်က အီရန် ၏ ရပ်တည်ချက်ကို လက်ရှိအခြေအနေထက် ပိုမိုကောင်း မွန်အောင် ဟန်ဆောင်တင်ပြနေ သည်ဟု ယူဆနေကြပြီး အစ္စလာမ္မာဘတ်သည် ထရန့်၏ မကျေနပ်မှုကို အီရန်ထံ ထိထိရောက်ရောက် တင်ပြခြင်းရှိ၊ မရှိကိုလည်း သံသယဖြစ်နေကြသည်။

   ပါကစ္စတန်အရာရှိတစ်ဦးကမူ ၎င်းတို့သည် ကြားဝင်စေ့စပ်သူပီပီ နှစ်ဖက်စလုံးအပေါ် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နေကြောင်းနှင့် စေ့စပ်ညှိနှိုင်းမှု အောင် မြင်ရန်အတွက် ဘက်လိုက်မှုမရှိရန် အရေးကြီးကြောင်း Al Jazeera သို့ ပြောကြားခဲ့သည်။

     ထရန့်၏ မဟာမိတ် အမေရိကန်အထက်လွှတ်တော်အမတ် လင်ဆေးဂရေဟမ်(Lindsey Graham)ကမူ ပါကစ္စတန်၏ ကြားဝင်စေ့စပ်သူ အခန်းကဏ္ဍကို “အပြည့်အဝ ပြန်လည်သုံးသပ်ရန်” တောင်းဆိုခဲ့သည်။

ဆွေးနွေးပွဲများ ရှေ့မတိုးနိုင်ဖြစ်နေခြင်း

     လက်ရှိတင်းမာမှုများ၏ တိုက်ရိုက်အကြောင်းရင်းမှာ ပါကစ္စတန်မှတစ်ဆင့် ပေးပို့လာသော အီရန်၏ ငြိမ်းချမ်းရေးအဆိုပြုချက်ကို ဝါရှင်တန်က ပယ်ချလိုက်ခြင်းဖြစ်သည်။

အီရန်အစိုးရမီဒီယာများ၏ အဆိုအရ တီဟီရန်၏ အဆိုပြုချက်တွင် အမေရိကန်က စစ်လျော်ကြေးပေးရန်၊ ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ အပြည့်အဝ အချုပ်အခြာ အာဏာကို အသိအမှတ်ပြုရန်၊ ပိတ် ဆို့မှုများ ရုပ်သိမ်းရန်နှင့် ပိတ်ဆို့ထားသော ပိုင်ဆိုင်မှုများကို ပြန်လည်ထုတ်ပေးရန်တို့ ပါဝင်ပြီး နျူကလီး ယားဆွေးနွေးမှုများကို နောက်ပိုင်းအဆင့်မှသာ ဆွေး နွေးရန် အခိုင်အမာ တောင်းဆိုထား သည်။

     သမ္မတထရန့်ကမူ ၎င်း၏ Truth Social လူမှုကွန် ရက်တွင် အဆိုပါအဆိုပြုချက်သည် “လုံးဝလက်ခံနိုင်စရာမရှိ” (TOTALLY UNACCEPTABLE)ဟု ရေးသားဖော်ပြခဲ့သည်။

     “အပစ်အခတ်ရပ်စဲရေးဟာ အသက်ရှူစက် အကြီး အကျယ် တပ်ထားရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ကျွန်တော် ပြောချင်ပါတယ်” ဟု သမ္မတထရန့်က အိမ်ဖြူတော် ဘဲဥပုံရုံးခန်းအတွင်း နောက်ပိုင်းတွင် ပြောကြားခဲ့ပြီး လက်ရှိအခြေအနေကို “ဆရာဝန်က အခန်းထဲဝင်လာပြီး ‘ခင်ဗျားရဲ့ ချစ်ရသူဟာ အသက်ရှင်ဖို့ အခွင့်အရေး ၁ ရာ ခိုင်နှုန်းလောက်ပဲ ရှိတော့တယ်’ လို့ ပြောလိုက်တဲ့ အခြေ အနေမျိုးပါပဲ” ဟု တင်စားပြော ဆိုခဲ့သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါယီက ထိုသို့ပြောဆိုမှုကို ပယ်ချခဲ့ပြီး ၎င်းတို့၏ အဆိုပြုချက်မှာ “ကျိုးကြောင်းဆီလျော်ပြီး ရက်ရောမှုရှိသော” အဆိုပြုချက်ဖြစ်ကြောင်းနှင့် တီဟီရန်အနေဖြင့် “အီရန်၏ တရားဝင်အခွင့်အရေးများကိုသာ” တောင်းဆိုထားခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

     အီရန်၏ အဓိကညှိနှိုင်းရေးမှူးဖြစ်သူ ပါလီမန်ဥက္ကဋ္ဌ မိုဟာမက် ဘာဂါ ဂါလီဘတ်ဖ်ကမူ ပိုမိုပြတ် သားသည့် လေသံဖြင့် “ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဟာ ဘယ်လိုကျူးကျော်မှုမျိုးကိုမဆို သင်ခန်းစာပေးမယ့် တုံ့ပြန်မှုလုပ်ဖို့ အသင့်ရှိနေပါတယ်” ဟု တနင်္လာနေ့တွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ “၁၄ ချက်ပါ အဆိုပြုချက်မှာ ဖော်ပြထားတဲ့ အီရန်ပြည်သူတွေရဲ့ အခွင့်အရေးကို လက်ခံဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး” ဟုလည်း ဆိုသည်။

     အဓိက သဘောထားကွဲလွဲမှုများမှာ ပြောင်းလဲခြင်းမရှိဘဲ ဆက်ရှိနေဆဲဖြစ်သည်။ ဝါရှင်တန်က အီရန်အနေဖြင့် ၎င်း၏ နျူကလီးယားအစီအစဉ်ကို အတိ အလင်းစွန့်လွှတ်ရန်နှင့် လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်နီးပါးရှိသော ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသည့် ယူရေနီယံလက်ကျန်များကို လွှဲပြောင်းပေးရန် အလိုရှိနေသည်။ တီဟီရန်ကမူ ပိတ်ဆို့မှုများကို ရုပ် သိမ်းပြီး ဧပြီလ ၁၃ ရက်က အီရန်ဆိပ်ကမ်းများအပေါ် ချမှတ်ခဲ့သော အမေရိကန်၏ ရေ ကြောင်းပိတ်ဆို့မှုများကို အဆုံးသတ်ပြီးမှသာ နျူကလီး ယားဆွေးနွေးမှုများကို ပြုလုပ်နိုင်မည်ဟု အခိုင်အမာဆိုထားသည်။

     ဧပြီလ ၁၂ ရက်က အစ္စလာမ္မာဘတ်ဆွေးနွေးပွဲများ သဘောတူညီချက်မရဘဲ ပြီးဆုံးသွားပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်တို့ တိုက်ရိုက်တွေ့ဆုံခြင်း မရှိတော့ဘဲ ပါကစ္စတန်က နှစ်ဖက်အကြား အဆိုပြုချက်များကို သယ်ဆောင်ပေးသည့် ကြားခံအဖြစ် အဓိကဆောင်ရွက်ပေးနေသည်။ မေလ ၄ ရက်တွင် ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံ ခြားရေးဝန်ကြီး အီရှာခ် ဒါး(Ishaq Dar)သည် အီရန်နိုင်ငံ ခြားရေးဝန်ကြီး အဘတ်စ် အရတ်ဂ်ချီ(Abbas Araghchi) နှင့် အစ္စလာမ္မာဘတ်၏ စေ့စပ်ညှိနှိုင်းမှု ကြိုးပမ်းချက်များအကြောင်း ဆွေးနွေးခဲ့သည်။

     ထိုနေ့မှာပင် အမေရိကန်တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံခဲ့ရသော အီရန်ကုန်တင်သင်္ဘော MV Touska ပေါ်ရှိ သင်္ဘောဝန်ထမ်း ၂၂ ဦးကို ပါကစ္စတန်သို့ ဦးစွာလွှဲ ပြောင်းပေးခဲ့ပြီး ထိုမှတစ်ဆင့် အီရန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ယင်းမှာ နှစ်ဖက်အကြား ယုံ ကြည်မှုတည်ဆောက်ရေးအတွက် ပါကစ္စတန်က ညှိ နှိုင်းဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

     ကာတာနိုင်ငံကလည်း ဤစေ့စပ်ညှိနှိုင်းမှုကို ထောက်ခံထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) သည် ကာတာဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အဗ္ဗဒူရာမန် ဘင် ဂျာဆင် အယ်လ်သာနီနှင့် စနေနေ့က မိုင်ယာမီတွင် တွေ့ဆုံခဲ့ပြီး “ပါကစ္စတန်က ဦး ဆောင်သည့် စေ့စပ်ညှိနှိုင်းမှုများ” ကို ကူညီပံ့ပိုးပေးမည်ဟု ဒိုဟာဘက်က ကတိပြုခဲ့သည်။

     သုတေသီ ဂျက်ဖရီ (Jaffery) က အမေရိကန်၏ ရေ ကြောင်းပိတ်ဆို့မှု စတင်ကတည်းက အပစ်အခတ်ရပ်စဲရေးမှာ “လက်တွေ့တွင် ချိုးဖောက်ခံလိုက်ရပြီ” ဖြစ်သော်လည်း နှစ်ဖက်စလုံးက စစ်ပွဲအပြည့်အဝ ပြန်ဖြစ်လာမည်ကို ရှောင် လွှဲလိုကြသည်ဟု ဆိုသည်။ လာမည့်ရက်ပိုင်းအတွင်း ဟော်မုဇ်ရေလက်ကြားတဝိုက်တွင် အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)၏ နှောင့် ယှက်မှုများကို ပစ်မှတ်ထားသည့် အကန့်အသတ်ရှိသော စစ်ရေးလှုပ်ရှားမှုများ ရှိလာနိုင်ကြောင်း ကျွမ်း ကျင်သူများက ခန့်မှန်းထားသည်။

ရှေ့ဆက်ရမည့်လမ်း

​     ထရန့်သည် ယခုအပတ်အတွင်း ပေကျင်းခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အီရန်အရေးကို ဆွေးနွေးမည်ဟု မျှော်လင့်ရသည်။ ဝါရှင်တန်အနေ ဖြင့် အီရန်၏ အကြီးဆုံး စီးပွားရေးနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်သော တရုတ်နိုင်ငံက တီဟီရန်အပေါ် ဩဇာသုံး၍ ဖြေရှင်းပေးရန် မျှော်လင့်နေခြင်း ဖြစ်သည်။

     အီရန်နိုင်ငံခြားရေးဝန်ကြီးသည်လည်း ကြာသပတေးနှင့် သောကြာနေ့တို့တွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် BRICS နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးသို့ တက်ရောက်ရန်ရှိပြီး ဆော်ဒီအာရေဗျ၊ အီဂျစ်တို့နှင့်အတူ သံတမန်ရေးအရ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်သည်။

     တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အကယ်၍ အီရန်၏ နျူကလီး ယားပစ္စည်းများကို ဆွေးနွေးပွဲများမှတစ်ဆင့် မဖယ် ရှားနိုင်ပါက စစ်ရေးအရ ပြန်လည်တိုက်ခိုက်ရန် အစ္စရေးနှင့် အမေရိကန်တို့ သဘောတူထားကြောင်း CBS News နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

     ကာတာဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာမတ်(Sheikh Hamad)ကမူ ဟော်မုဇ်ရေလက်ကြားကို လက်နက်သဖွယ် အသုံးချလာခြင်းမှာ ဤပဋိပက္ခ၏ “အန္တရာယ်အရှိဆုံး ရလဒ်” ဖြစ်ပြီး အကျပ်အတည်းမှာ အပစ်အခတ်ရပ်စဲရေးထက် ပိုမိုကြာရှည်နေဦးမည် ဖြစ် ကြောင်း သတိပေးခဲ့သည်။


(Al Jazeera သတင်းဌာနမှ Abid Hussain ၏ Pakistan scrambles to salvage US-Iran diplomacy as ceasefire faces collapseသတင်းဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)

​​​​​​#USIranConflict #Diplomacy #PakistanMediation #Ceasefire #Trump #GlobalNews #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN