
(နိုင်ငံတကာ)မေ ၁၃
အစ္စရေးနိုင်ငံသည် ၎င်း၏ အဆင့်မြင့် “အိုင်းရွန်းဒုန်း”(Iron Dome)လေကြောင်းကာကွယ်ရေး စနစ်များနှင့် ယင်းတို့ကို ကိုင်တွယ်မည့် ဝန်ထမ်းများကို အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ စေလွှတ်ဖြန့် ကြက်ထားကြောင်း အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ် မိုက်ဟတ်ကာဘီ (Mike Huckabee) က အတည်ပြု ပြောကြားလိုက်သည်။
ယခုလုပ်ရပ်သည် အမေရိကန်၏ ရန်ပုံငွေဖြင့် တည်ဆောက်ထားသော အဆင့်မြင့် အိုင်းရွန်းဒုန်း နည်းပညာကို အစ္စရေးနိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ် ဖြန့်ကြက်အသုံး ပြုခြင်း ဖြစ်သည်။ ယခင်က ယူကရိန်းနိုင်ငံ၏ တောင်းဆိုမှုများကို အစ္စရေးက ငြင်းဆိုခဲ့သော်လည်း ယခုအခါ အီရန်နှင့် စစ်မီးပွားနေချိန်တွင် မဟာမိတ် ယူအေအီးနိုင်ငံကို အကာအကွယ်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“အစ္စရေးက သူတို့ဆီကို အိုင်းရွန်းဒုန်း ဘက်ထရီတွေနဲ့ အဲဒါတွေကို ကိုင်တွယ်မယ့် ဝန်ထမ်းတွေကို ပို့ပေးလိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ယူအေအီးနဲ့ အစ္စရေးကြားမှာ ထူးခြားတဲ့ ဆက်ဆံရေးရှိနေလို့ပါ” ဟု သံအမတ် ဟတ်ကာဘီက တဲလ်အဗစ်တွင် ပြုလုပ်သည့် အခမ်းအနား၌ ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် ပိုင်း ယူအေအီးနှင့် ဘာရိန်းအပါအဝင် ပင်လယ်ကွေ့နိုင်ငံများသည် အီရန်၏ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက် ခိုက်မှုများကို ကြုံတွေ့နေရသည်။
အီရန်က ၎င်းတို့သည် အရှေ့အလယ်ပိုင်းရှိ အမေရိကန် ၏ ပိုင်ဆိုင်မှုများကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ဆိုသော်လည်း၊ ဒေသတွင်းနိုင်ငံများကမူ တီဟီရန်သည် လေဆိပ်များ၊ ဟိုတယ်များနှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများအပါအဝင် အရပ်ဘက်နေရာများကို ပစ်မှတ်ထားနေသည်ဟု စွပ်စွဲထားကြသည်။

(Mike Huckabee)
သံအမတ် ဟတ်ကာဘီက ပင်လယ်ကွေ့နိုင်ငံများအနေ ဖြင့် အစ္စရေး သို့မဟုတ် အီရန် အကြား “ဘက်ရွေးချယ်ရန်” တိုက်တွန်းခဲ့ပြီး အစ္စရေးသည် ရန်သူမဟုတ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ယူအေအီးသမ္မတ မိုဟာမက် ဘင် ဇာယတ် အယ်လ် နာယန် တို့ သည်လည်း အင်္ဂါနေ့နှောင်းပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ်စကားပြောဆိုခဲ့ကြပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးနှင့် အရှေ့အလယ်ပိုင်း၏ နောက်ဆုံးအခြေအနေများကို ဆွေး နွေးခဲ့ကြကြောင်း ယူအေအီးအစိုးရသတင်းဌာန (WAM) က ဖော်ပြခဲ့သည်။
အီရန်၏ တိုက်ခိုက်မှုများ ခံနေရသော်လည်း ပင်လယ်ကွေ့နိုင်ငံအများစုသည် အစ္စရေးနှင့် လူသိရှင် ကြား ပိုမိုနီး ကပ်လာခြင်း မရှိသေးသလို အီရန်၏ တိုက်ခိုက်မှုများကိုလည်း စစ်ရေးအရ တုံ့ပြန်ခြင်း မရှိသေးပေ။ ဆော်ဒီအာရေဗျ သံအမတ်ဟောင်း မင်းသား တာကီ အယ်လ် ဖိုင်ဆယ်(Turki al-Faisal) ကမူ အစ္စရေး၏အစီအစဉ်အတိုင်း အီရန်နှင့် စစ်ဖြစ် ပွားခဲ့ပါက ဒေသတွင်း ပျက်စီးဆုံးရှုံးမှုများ ကြုံ တွေ့ရမည်ဖြစ်ပြီး အစ္စရေး၏ အလိုကျအတိုင်း ဖြစ်သွားမည်ဖြစ်သောကြောင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားထားသည်။
#IronDome #Israel #UAE #USA #IranConflict #MiddleEastNews #BreakingNews #PositiveAngleNews #AirDefense #GlobalSecurity
Telegram»…
https://t.me/positiveanglenews
#PAN