သာပေါင်းမြို့နယ်တွင် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ၂၀၂၆ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲ ကျင်းပ

(စိုက်ပျိုးရေး) မေ ၁၂

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်၌ ဌာနဆိုင်ရာအပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆)နှင့်၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားများကို မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ သာပေါင်းမြို့နယ်၌ ဌာနဆိုင်ရာအပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၈/၂၀၂၆)ကိုကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင် တက်ရောက်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အစိုးရသစ် ရက်(၁၀၀)စီမံချက် အောင်မြင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အလေးထားပြောကြားခဲ့သည်။

၎င်းက လွှတ်တော်ကိစ္စရပ်များနှင့် ဌာနဆိုင်ရာကိစ္စရပ်များအတွက် လိုအပ်သည်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အဆိုများနှင့် မေးခွန်းများအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် လုံခြုံရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ရန်၊ ယာဉ်စစ်ဆေးရေးနှင့် ဧည့်စစ်ဆေးရေးများ လုပ်ဆောင်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် ကြိုတင်စီမံရန်၊ စက်သုံးဆီကိစ္စများ ကြီးကြပ်ရန်၊ Drum Seeder များ ဖြန့်ဖြူးရန်၊ ချေးငွေများ ပြန်လည်ပေးသွင်းရေး တွန်းအားပေးရန်၊ ရက်(၁၀၀)စီမံချက်လုပ်ငန်းများ အချိန်မီပြီးစီးရေးနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကျင်းပသည့် စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ရပ်ကျေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုဇင်ကလည်း အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးဇင်မင်းသိုက်က ၂၀၂၆ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး သစ်ပုတ်ကုန်းကျေးရွာအုပ်စုမှ တောင်သူ ၁၁၃ ဦး၏ လယ်ဧကများအတွက် ချေးငွေ ကျပ် ၂,၇၄၅ သိန်းကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

#PAN