မုဒုံမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်_ပြည်နယ်လွှတ်တော်ဒုဥက္ကဋ္ဌတက်ရောက်အားပေး

(ပြည်တွင်း) မေ ၁၂

မွန်ပြည်နယ် မုဒုံမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်ပေါင်း (၁၀၀) စီမံချက်အရ ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းများကို ယနေ့ မေ ၁၂ ရက်တွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ရာ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့်တက်ရောက်အားပေးကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့်က တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံပြီး စက်မှုလုပ်ငန်းတည်ဆောက်ရာတွင် ကောင်းစွာအထောက်အကူပြုစေရန် စိုက်ပျိုးစရိတ်ချေးငွေများကို တိုးမြှင့်ထုတ်ချေးပေးကြောင်း၊ လယ်ယာသုံးစက်ကိရိယာချေးငွေများ စတင်ထုတ်ချေးမည့် အစီအစဥ်အောင်မြင်စွာနှင့် စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဝန်ထမ်းများအားလုံး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မုဒုံမြို့နယ်ဘဏ်ခွဲမှ တာဝန်ရှိသူများက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရေးအစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ကွမ်တာ၊ အခွန်နှင့် တာပသွန်ကျေးရွာများမှ တောင်သူ ၇၉ ဦး၏ လယ်ဧက ၅၀၁ ဧကအတွက် ချေးငွေ ကျပ် ၁,၅၀၃ သိန်းကို လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အလားတူ တာပသွန်ကျေးရွာတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုစာရင်းများကို ဆောင်ရွက်ပေးနေမှုကို မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မင်းအောင်မြင့်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။