(စီးပွားရေး/လယ်ယာ) မေ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ မေလ ၁၂ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသည် နိုင်ငံတော်အစိုးရသစ်၏ ရက်ပေါင်း ၁၀၀ စီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်သည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ခြင်းဖြစ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စိုက်/ဘဏ်ဦးစီးအရာရှိ ဦးစန်းလွင်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက မိမိအနေဖြင့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံရရှိခဲ့ပြီး တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရွေးကောက်ပွဲကတိကဝတ်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ယခုကဲ့သို့ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးခြင်းသည် လက်တွေ့ကျသော အကောင်အထည်ဖော်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်ထက် ပိုမိုတိုးမြှင့်ထုတ်ပေးထားကြောင်း၊ အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ပေးထားခြင်းဖြစ်၍ စနစ်တကျအသုံးပြုရန်နှင့် အချိန်မီပြန်လည်ပေးဆပ်ရန် လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ နောင်နှစ်များတွင်လည်း ဆက်လက်ချေးငွေရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တာဝန်ရှိသူများက တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများကို လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။