ဘီးလင်းမြို့နယ်တွင် ကုန်ထုတ်လမ်းနှင့် တောင်ပေါ်တက်လမ်း ပြန်လည်ဖော်ထုတ်ရေး ကိုယ်စားလှယ်များ ကွင်းဆင်းညှိနှိုင်း

(ဖွံ့ဖြိုးရေး/လမ်းပန်း) မေ ၁၂

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ကုန်ထုတ်လမ်းနှင့် တောင်ပေါ်တက်လမ်း ပြန်လည်ဖော်ထုတ်ရေးအတွက် ဒေသခံတောင်သူများ၏ တင်ပြချက်အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမင်းစမ်းနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျာမင်းတို့သည် မေလ ၁၁ ရက်နေ့  နံနက် ၉ နာရီတွင် ကွင်းဆင်းကြည့်ရှုညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဘီးလင်းမြို့နယ် ဝင်းကကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၄၁၉)၊ ကွင်းအမည် “ရွှေကောအနောက်” အတွင်းရှိ ပေါ်တော်မူကုန်ထုတ်လမ်းနှင့် ဆက်သွယ်နိုင်သည့် မူလလမ်းဟောင်း (ချောင်းကောမြေ) ကို ပြန်လည်ဖော်ထုတ်၍ ပေါ်တော်မူကုန်း ကုန်ထုတ်လမ်းနှင့် ပြန်လည်ချိတ်ဆက်နိုင်ရေး ကိစ္စရပ်များအား စစ်ဆေးညှိနှိုင်းခဲ့ကြသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များသည် ဝင်းကကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းညွန့်၊ ကျေးရွာတာဝန်ခံ ဦးဝင်းမြင့်၊ လယ်ယာစိုက်ပျိုးရေးတာဝန်ခံ ဦးနေမျိုးသူ၊ ကျေးရွာစာရေး ဦးနေလင်းအောင်နှင့် မြေစာရင်းတာဝန်ရှိသူ ဦးထွန်းထွန်းဝင်းတို့နှင့်အတူ ဝင်းကကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်၍ ကိုးတဲစုကွင်းသို့ သွားရောက်ကာ ဦးတင်နိုင်၏ နေအိမ်တွင် ဒေသခံများနှင့် ထပ်မံတွေ့ဆုံခဲ့ပြီး ချောင်းကောမြေကို မြေတိုးအဖြစ် အသုံးပြုထားသည့် ဦးရှမ်းကြီးနှင့်လည်း ကွင်းဆင်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများအရ ပေါ်တော်မူကုန်ထုတ်လမ်း ပြန်လည်ဖောက်လုပ်နိုင်ရေးအတွက် သဘောတူညီမှု ရရှိခဲ့သဖြင့် လမ်းဖောက်လုပ်မှုကို ဆက်လက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် တာဝန်ရှိသူများသည် ဝင်းကကျေးရွာအုပ်စု ပန်းပင်ကျောင်းရပ်ကွက်ရှိ တောင်ပေါ်တက်လမ်းအပိုင်းတွင် ကျူးကျော်အသုံးပြုထားသည့် မြေယာကိစ္စရပ်များနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ မြေရှင် ဦးနေမျိုးထွန်း မိသားစုနှင့် တွေ့ဆုံညှိနှိုင်းခဲ့ပြီး လမ်းမြေပြန်လည်အသုံးပြုနိုင်ရေး သဘောတူညီမှုရရှိစေကာ တောင်ပေါ်တက်လမ်းကို ပြန်လည်ဖော်ထုတ်၍ ဆက်သွယ်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။