ကိုဗစ်ကဲ့သို့ ကူးစက်မြန်သည့် ဟန်တာဗိုင်းရပ်စ် ‘တိတ်တ ဆိတ် ပျံ့နှံ့နေမှု’ ရှိ၊ မရှိ မေလ ၁၉ ရက်တွင် သိနိုင်မည်ဟု ပညာရှင်များ သတိပေး

(နိုင်ငံတကာ)မေ ၁၂

     MV Hondius အပျော်စီးသင်္ဘောပေါ်တွင် ဖြစ်ပွားနေသည့် ဟန်တာဗိုင်းရပ်စ် ကူးစက်မှုတွင် မေလ ၁၉ ရက်နေ့သည် အလွန်အရေးပါသည့်ရက် ဖြစ်လာနိုင်ကြောင်း သိပ္ပံ ပညာရှင်များက သတိပေးထားသည်။ ထိုရက်သည် သင်္ဘောပေါ်မှ ကြိုတင်ဆင်းသွားသည့် ခရီးသည်များနှင့် ထိတွေ့ခဲ့သူများအကြား “တတိယမျိုးဆက်” (Generation Three) ကူးစက်မှုများ စတင်ပေါ်ပေါက်လာနိုင်သည့် အချိန်ဖြစ်သောကြောင့် ဖြစ် သည်။

     အမေရိကန် သိပ္ပံပညာရှင် ဒေါက်တာ စတီဗင် ကွေး (Dr. Steven Quay)၏ တွက်ချက်မှုအရ ဤဗိုင်းရပ်စ် ၏ ဒုတိယမျိုးဆက်(Generation 2) လူနာများသည် ပထမဆုံးလူနာနှင့် ထိတွေ့ပြီးနောက် ရောဂါလက္ခဏာပြရန် ပျမ်းမျှ ၂၂ ရက်ခန့် ကြာမြင့်ခဲ့သည်ကို တွေ့ရှိရသည်။

     အကယ်၍ ထိုသူများထံမှတစ်ဆင့် နောက်ထပ်လူများထံသို့ ထပ်မံကူးစက်သည့် “တတိယမျိုးဆက်” (Generation 3)သာ ရှိခဲ့ပါက ယင်းလက္ခဏာများ သည် မေလ ၁၉ ရက်ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာမည် ဖြစ်သည်။

​ အန္တရာယ်ကို မသိရှိမီ သင်္ဘောပေါ်မှ ကြိုတင်ဆင်းသွားခဲ့သည့် ခရီးသည် ၃၆ ဦးရှိနေပြီး ၎င်းတို့သည် ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း လူပေါင်းရာနှင့်ချီ၍ ထိတွေ့ခဲ့မိနိုင်ခြေရှိသဖြင့် ယခုရက်ပိုင်းသည် အလွန်အရေးကြီးသော စောင့်ကြည့်ကာလ ဖြစ်လာခြင်းဖြစ်သည်။

​     သိပ္ပံပညာရှင်များ၏ နောက်ဆုံးတွေ့ရှိချက်အရ ဤဟန်တာဗိုင်းရပ်စ် အန်ဒီးစ်(Andes) မျိုးကွဲသည် လူအချင်း ချင်း ကူးစက်မှုနှုန်း အလွန်မြင့်မားနေသည်။ လက်ရှိတွင် ပိုးတွေ့လူနာ ၁၀ ဦးအထိ ရှိလာပြီဖြစ်ရာ တွက်ချက်မှုများအရ ရောဂါရှိသူ တစ်ဦးသည် ပျမ်းမျှအားဖြင့် လူ ၉ ဦးခန့်ကို ကူးစက်စေနိုင်ကြောင်း (Reproduction Number = 9) တွေ့ရှိရသည်။ ဤနှုန်း ထားသည် ကိုဗစ်-၁၉ ၏ အိုမီခရွန် (Omicron)မျိုးကွဲ ကူးစက်နှုန်းနှင့် တူညီနေခြင်းဖြစ်သည်။

​     ယခင်က ဟန်တာဗိုင်းရပ်စ်သည် နီးကပ်စွာ ထိတွေ့သူ များအကြား ခန္ဓာကိုယ်ထွက်အရည်များမှတစ်ဆင့်သာ ကူးစက်သည်ဟု ယူဆခဲ့သော်လည်း ယခုအခါတွင် ပထမဆုံးလူနာနှင့် တိုက်ရိုက်မထိတွေ့ဘဲ စား သောက်ဆိုင် သို့မဟုတ် ဟောပြောပွဲခန်းမတစ်ခုတည်းတွင် ရှိနေရုံမျှဖြင့် ကူးစက်ခံရသူများ ရှိနေသည်။ ယခင်ဖြစ်စဉ်များအရ လူမှုရေးပွဲတစ်ခုတွင် ရောဂါရှိသူနှင့် ခဏတာ နှုတ်ဆက်မိရုံ သို့မဟုတ် ကပ်လျက်အခန်းတွင် နေထိုင်ရုံမျှဖြင့် ကူးစက်နိုင်ခြင်းတို့ကြောင့် ပိုမိုသတိထားရန် လိုအပ်လာသည်။

     လက်ရှိတွင် ကျန်းမာရေးတာဝန်ရှိသူများသည် သင်္ဘောပေါ်မှ ဆင်းသွားသူများနှင့် ၎င်းတို့နှင့် ထိတွေ့ခဲ့သူများကို အပြင်းအထန် လိုက်လံစုံစမ်း စစ်ဆေးလျက်ရှိပြီး၊ လာမည့်ရက်သတ္တပတ်အတွင်း လူထုအတွင်း ကူးစက်မှုအသစ်များ ပေါ်မပေါ်ဆိုသည့်အချက်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအတွက် အဖြေဖြစ်လာမည်ဖြစ်သည်။

​#Hantavirus #HealthAlert #MVHondius #GlobalHealth #PandemicWatch #BreakingNews #PositiveAngleNews #MedicalScience #StaySafe

Telegram»…
https://t.me/positiveanglenews

#PAN