
(နိုင်ငံတကာ)မေ ၁၁
အမေရိကန်၏ ငြိမ်းချမ်းရေးအဆိုပြုချက်အပေါ် အီရန် ဘက်က ပြန်လည်ပေးပို့လာသော တုံ့ပြန်မှုကို သမ္မတ ဒေါ်နယ်ထရန့်က ချက်ချင်းပယ်ချလိုက်သဖြင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းများ ထပ်မံမြင့်တက်လာခဲ့ပြီး ၁၀ ပတ်ကြာ မြင့်နေပြီဖြစ်သော စစ်ပွဲမှာ ဆက် လက်ရှည်ကြာသွားကာ ဟော်မုဇ်ရေလက်ကြား ရေ ကြောင်းသွားလာရေးလည်း ဆက်လက်ရပ်ဆိုင်းနေမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အမေရိကန်က ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ကမ်း လှမ်းခဲ့ပြီးနောက်၊ အီရန်ဘက်က တနင်္ဂနွေနေ့တွင် တုံ့ပြန်ချက်ပေးပို့ခဲ့ရာ၌ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးတွင် စစ်ပွဲရပ်စဲရေးကို အလေး ထားဖော်ပြခဲ့သည်။ ထို့ပြင် စစ်လျော်ကြေးပေးရန် တောင်းဆိုမှုနှင့် ဟော်မုဇ်ရေလက် ကြားအပေါ် အီရန်၏ အချုပ်အခြာအာဏာကို အသိအမှတ် ပြုရန် အချက်များ ပါဝင်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်ရုပ်သံက ဆိုသည်။
ထို့အပြင် အမေရိကန်အနေဖြင့် ရေကြောင်းပိတ်ဆို့မှုကို ရပ်တန့်ရန်၊ ထပ်မံတိုက်ခိုက်ခြင်းမပြုရန် အာမခံချက်ပေးရန်၊ အရေးယူပိတ်ဆို့မှုများ ရုပ်သိမ်းရန်နှင့် အီရန်ရေနံရောင်းချမှုအပေါ် ပိတ်ပင်ထားခြင်းကို အဆုံးသတ်ရန် အီရန်ဘက်က တောင်းဆိုထားကြောင်း Tasnim သတင်းဌာနက ဖော်ပြသည်။
သို့သော် နာရီပိုင်းအတွင်းမှာပင် သမ္မတထရန့်က Truth Social လူမှုကွန်ရက်မှတစ်ဆင့် “ကျွန်တော် ဒါကို သဘောမကျဘူး — လုံးဝ လက်ခံနိုင်စရာမရှိဘူး” ဟု ရေးသားကာ အီရန်၏အဆိုပြုချက်ကို ပယ်ချခဲ့သည်။
အမေရိကန်ဘက်ကမူ အီရန်၏ နျူကလီးယားအစီအစဉ်ကဲ့သို့ အငြင်းပွားဖွယ်ရာ ကိစ္စရပ်များကို မဆွေးနွေးမီ တိုက်ပွဲများကို အရင်ရပ်တန့်ရန် အဆိုပြုထားခြင်း ဖြစ် သည်။ ယခုကဲ့သို့ ဆွေးနွေးပွဲများ ရှေ့မတိုးနိုင်ဘဲ ရေလက် ကြားပိတ်ဆို့မှု ဆက်ရှိနေခြင်းကြောင့် တနင်္လာနေ့တွင် ရေနံဈေးနှုန်းမှာ တစ်စည်လျှင် ၃ ဒေါ်လာခန့် မြင့်တက်သွားခဲ့သည်။

အမေရိကန်ပြည်တွင်း၌လည်း လာမည့် ၆ လအတွင်း ရွေးကောက်ပွဲကျင်းပတော့မည်ဖြစ်ရာ ဓာတ် ဆီဈေးနှုန်း မြင့်တက်နေခြင်းကြောင့် မဲဆန္ဒရှင်များအကြား ဤစစ်ပွဲအပေါ် မကျေနပ်မှုများ ရှိနေသည်။ တစ်ဖက်တွင်လည်း နေတိုး(NATO) မဟာမိတ်နိုင်ငံများက အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုထားသည့် ငြိမ်းချမ်းရေးစာချုပ်မရှိဘဲ ဟော်မုဇ်ရေလက် ကြား ဖွင့်လှစ်ရေးအတွက် စစ်သင်္ဘောများ စေလွှတ်ရန် ငြင်းဆန်ထားကြသည်။
သမ္မတထရန့်သည် ဗုဒ္ဓဟူးနေ့တွင် ပေကျင်းသို့ ရောက်ရှိမည်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် အီရန်အရေးကို ထည့်သွင်းဆွေးနွေးမည်ဖြစ်သည်။ အီရန်နှင့် သဘောတူညီချက်ရရှိစေရန် တရုတ်၏ဩဇာကို အသုံးပြုရန် ထရန့်က တွန်းအားပေးဖွယ်ရှိသည်။
အီရန်သမ္မတ မာဆု ပီဇက်ရှ်ကီယန်(Masoud Pezeshkian)ကမူ အီရန်အနေဖြင့် “ရန်သူ့ရှေ့တွင် မည်သည့်အခါမျှ ဒူးထောက်မည်မဟုတ်” ကြောင်းနှင့် အမျိုးသားအကျိုးစီးပွားကို အင်အားသုံးကာကွယ်သွားမည် ဖြစ် ကြောင်း တုံ့ပြန်ထားသည်။
သံတမန်နည်းလမ်းဖြင့် ကြိုးပမ်းနေကြသော်လည်း ရေ လက်ကြားတစ်ဝိုက်တွင် ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် တင်းမာမှုများ ဆက်လက်ရှိနေဆဲဖြစ်ပြီး ယူအေအီး၊ ကာတာနှင့် ကူဝိတ်နိုင်ငံတို့ကလည်း ၎င်းတို့၏ ရေပိုင်နက်နှင့် လေပိုင်နက်အတွင်းသို့ ဒရုန်းများ ကျူးကျော်ဝင်ရောက်မှုများကို တိုင်ကြားထားကြသည်။
အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ အီရန်၏ နျူက လီးယားအစီအစဉ်နှင့် ဒုံးကျည်စွမ်းဆောင်ရည်များကို အမြစ်ပြတ်ချေမှုန်းရန် “လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသဖြင့်” စစ်ပွဲမပြီးသေးကြောင်း ပြောကြားထားသည်။
#Trump #Iran #OilPrices #HormuzStrait #MiddleEastWar #XiJinping #BreakingNews #PositiveAngleNews #GlobalEconomy #Diplomacy
Telegram»…
https://t.me/positiveanglenews
#PAN