
(နိုင်ငံတကာ)မေ ၁၁
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် အီရန်စစ်ပွဲနှင့် အခြားသော အရေးကြီးကိစ္စရပ်များကို တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ဆွေးနွေးရန်အတွက် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပေကျင်းမြို့သို့ ရောက်ရှိမည် ဖြစ် သည်။
အိမ်ဖြူတော် ဒုတိယသတင်းပြန်ကြားရေးအတွင်း ဝန် အန်နာ ကယ်လီ(Anna Kelly)က ကြိုဆိုပွဲအခမ်း အနားနှင့် တွေ့ဆုံဆွေးနွေးပွဲများကို ကြာသပတေးနေ့နံနက်တွင် ပြုလုပ်မည်ဖြစ်ပြီး သောကြာနေ့တွင် ခရီးစဉ်ပြီးဆုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် ယခုနှစ်နှောင်းပိုင်းတွင်လည်း တရုတ်သမ္မတကို အမေရိကန်သို့ ပြန်လည်ဖိတ်ခေါ်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
သမ္မတထရန့်၏ ယခုခရီးစဉ်သည် မူလက ယခုနှစ်အစောပိုင်းတွင် သွားရောက်ရန် စီစဉ်ထားသော်လည်း မတ်လအတွင်း အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ အမေရိကန်အစိုးရ၏ အဆင့်မြင့်အရာရှိတစ်ဦးကမူ ထရန့်သည် အီရန်၏ ရေနံရောင်းချမှုနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးကုန်ပစ္စည်းများ ဝယ်ယူမှုကဏ္ဍများတွင် တရုတ်ဘက်က ဖိအားပေးလာစေရန် ပြောဆိုဖွယ်ရှိကြောင်း ဆိုသည်။
ပြီးခဲ့သည့်အပတ်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆင့်(Scott Bessent)က အီရန်သည် အကြမ်း ဖက်မှုကို အားပေးသည့် အကြီးဆုံးနိုင်ငံဖြစ်ပြီး တရုတ်က အီရန်စွမ်းအင်၏ ၉၀ ရာခိုင် နှုန်းကို ဝယ်ယူနေခြင်းမှာ အဆိုပါအကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့နေခြင်းဖြစ် သည်ဟု စွပ်စွဲပြောဆိုခဲ့သည်။
အီရန်နိုင်ငံက ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ကို ပိတ်ဆို့ထားမှုကြောင့် ကမ္ဘာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးတွင် အဟန့်အတားဖြစ်ကာ အရှေ့အလယ်ပိုင်းမှ စွမ်းအင်တင်သွင်းမှုကို မှီခိုနေရသည့် အာရှနိုင်ငံများမှာ အကြီးအကျယ် ထိခိုက်လျက်ရှိသည်။ တရုတ်နိုင်ငံကမူ ၎င်းတို့အနေဖြင့် စစ်ပွဲအဆုံးသတ်သည်ကို မြင်တွေ့လိုကြောင်းနှင့် အမေရိကန်၏ အီရန်အပေါ် တစ်ဖက်သတ်ပိတ်ဆို့မှုများကို အသိအမှတ်မပြုကြောင်း ပြောကြားထားသည်။
ဆွေးနွေးပွဲအတွင်း ထရန့်သည် အီရန်အရေးအပြင် ရုရှားအပေါ် တရုတ်၏ ထောက်ခံမှု၊ ကုန်သွယ်ရေးကိစ္စရပ်များနှင့် အမေရိကန် နည်းပညာကဏ္ဍအတွက် အရေးပါသည့် ရှားပါးမြေဒြပ်စင် (Rare earth minerals) ကိစ္စများကိုလည်း ထည့်သွင်းဆွေးနွေးဖွယ်ရှိသည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် Boeing ကုမ္ပဏီနှင့် စိုက်ပျိုးရေးကုမ္ပဏီကြီးများမှ စီးပွားရေးလုပ်ငန်းရှင်များလည်း လိုက်ပါလာမည်ဖြစ်သည်။
ထိုင်ဝမ်အရေးနှင့် ပတ်သက်၍မူ အမေရိကန်၏ ရပ် တည်ချက် ပြောင်းလဲဖွယ်မရှိကြောင်းနှင့် ဝါရှင်တန်အနေဖြင့် ထိုင်ဝမ်အပေါ် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ကတိကဝတ်များကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု အစိုးရအရာရှိတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။
#BusinessNews #EnergyCrisis #OilMarket #Trump #China #IranSanctions #EconomicWarfare #PositiveAngleNews #RareEarths #Boeing
Telegram»…
https://t.me/positiveanglenews
#PAN