(နိုင်ငံရေး) မေ ၁၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အောင်မြင်စွာ ကျင်းပခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒဿမ၂၃ သန်းအနက် ဆန္ဒမဲပေးသူ ၁၃ ဒဿမ၁၃ သန်းကျော်က လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် မဲပေးခဲ့ကြပြီး ပြည်သူများရွေးချယ်ထားသည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်သမ္မတ ဦးဆောင်သော အစိုးရတစ်ရပ် ဖွဲ့စည်းပြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့ကြောင်း စိစစ်တွေ့ရှိခဲ့ပြီး ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်းနှင့် ဆက်စပ်တာဝန်ရှိသူများကိုလည်း တရားဥပဒေအရ အရေးယူခဲ့ကြောင်း ဖော်ပြထားသည်။
ယင်းကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲအသစ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့နောက် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများအပေါ် အာဆီယံနိုင်ငံအများစုက နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်လိုသော်လည်း အချို့နိုင်ငံများက ကန့်သတ်မှုများနှင့် ခွဲခြားဆက်ဆံမှုများ ဆက်လက်ပြုလုပ်နေကြောင်းနှင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် မညီညွတ်သည့် ဆောင်ရွက်ချက်များ ရှိနေကြောင်းလည်း ထောက်ပြထားသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်မှ စတင်ကာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် တာဝန်ဝတ္တရားများကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်ခဲ့ကြောင်းနှင့် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ခွဲခြားဆက်ဆံမှုများရှိနေသော်လည်း စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ခွဲခြားဆက်ဆံမှုများကို ဆက်လက်လုပ်ဆောင်ရန် ကြိုးပမ်းမှုများသည် ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒကို လျစ်လျူရှုရာရောက်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တစ်နိုင်ငံချင်းစီအလိုက် ဆက်ဆံရေးများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်းနှင့် အပြုသဘောဆောင်သော ထောက်ခံကူညီမှုများ ပေးခဲ့သည့် အာဆီယံနိုင်ငံများအား ကျေးဇူးတင်ရှိကြောင်းလည်း ထည့်သွင်းဖော်ပြထားသည်။
နောက်ဆုံးတွင် မြန်မာနိုင်ငံသည် မိမိနိုင်ငံ၏ အခြေအနေများနှင့် ကိုက်ညီသည့် ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အခြေခံအခွင့်အရေးများကို ဆက်လက်ကာကွယ်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#PAN