ကမ္ဘာ့အစီအစဉ်သစ်ကိုပြောင်းမယ့် အသံတိတ်စစ်ပွဲSilent War That Makes New World Order

(နိုင်ငံတကာသတင်းဆောင်းပါး)မေ ၁၁
(နေဇင်လတ်)

     လောလောဆယ် အီရန်စစ်က အားလုံးရဲ့စိတ်ဝင် စားမှုကို ခံနေရပြီးအသံလည်း နေ့စဉ်လိုလိုကျယ်ကျယ်လောင်လောင်ကြားနေရတယ်။ အမှန်တကယ် ကမ္ဘာ့နိုင်ငံရေးအခြေခံရှိကြသူတွေနဲ့ ထဲထဲဝင်ဝင် လေ့ လာကြသူတွေကတော့ စစ်တုရင်စကားနဲ့ဆိုရင် အီရန် စစ်ကို ကြားပွဲငယ်တွေလောက်ပဲမြင်ကြပြီး၊ နောက် ကွယ်မြင်ကွင်းတိုးတက်မှုပြယုဂ်တစ်ခုထက်ပိုမမြင်ကြပါ။ အီရန်စစ်က မြင်သာသလို အသံလည်းကျယ်လွန်းလှပါတယ်။ ဟော်မုဇ်ပြဿနာက ကမ္ဘာကြီးကိုလည်း တစ်နေ့တစ်မျိုး ဂယက်ထစေပါတယ်။

     နောက်ကွယ် အသံတိတ်စစ်ပွဲက မမြင်သာသလို တိတ် ဆိတ်ငြိမ်သက်လှပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အစီ အစဉ်သစ်ဆိုတဲ့ World Order ကို အပြင်းအထန်လွန်ဆွဲသလိုပြောင်းလဲဖြစ်ဖို့ကြိုးပမ်းနေကြတာတွေ့ရတယ်။

ကမ္ဘာ့အစီအစဉ်သစ် New World Order

     ဒုတိယကမ္ဘာစစ်နောက်ပိုင်း စစ်အေးတိုက်ပွဲ Cold War ကို ဖြတ်သန်းခဲ့ကြရတယ်။ အဓိကဇာတ်ဆောင် (Key Actors) နှစ်ဦးကတော့ အမေရိကန်နဲ့ ဆိုဗီယက်ယူနီယံနှစ်နိုင်ငံပါ။ နိုင်ငံရေးဝါဒမတူ၊ စီးပွားရေးစနစ်လုံးဝခြားနားတဲ့ အင်အားကြီးနှစ်နိုင်ငံရဲ့ပြိုင်ဆိုင်မှုပါ။ ကျူးဘားပြဿနာကလွဲပြီး ထိပ်တိုက်တွေ့မှုတွေမရှိကြပဲ လက်နက် အပြိုင် အဆိုင် တပ်ဆင်မှုနဲ့ ဖြတ်သန်းကြတာမို့အန္တရာယ်မရှိဘူးလို့ယူဆရမှာပါ။ ဒွိဝင်ရိုးကမ္ဘာကြီး Bipolar world လို့ သတ်မှတ်ကြတယ်။

     ဆိုဗီယက်ယူနီယံကြီး ပြိုကွဲသွားတဲ့နောက်ပိုင်း ၁၉၉၁ လွန်ကာလကတော့ အမေရိကန်ဟာ တစ်စီးရှင်ပြိုင်ဘက်မဲ့ဖြစ်လာပြီး ဧကဝင်ရိုးကမ္ဘာကြီး Uni-polar World အဖြစ် ကမ္ဘာ့အစီအစဉ်သစ် ထွက်ပေါ်လာခဲ့တယ်။ အမေရိကန်ရဲ့ သြဇာဟာလည်းအထွတ်အထိပ်ကိုရောက်ခဲ့ပြီး မွန်းတည့်ချိန် ”ဟိတ်ဆိုဟိတ်… တိတ်ဆိုတိတ်” ဘုန်းမီးနေလတောက်ခဲ့တယ်။

     ဗလာဒီမာပူတင်လက်ထက် ၂၅နှစ် အတွင်း ရုရှားက လက်နက်နဲ့ နည်းပညာမှာ အင်အားကြီးနိုင်ငံပြန်ဖြစ်ခဲ့တယ်။ ဆိုဗီယက်ခေတ်ကထက် အများကြီးပိုပြီး စစ်ရေးအင်အားကြီးထွားလာတယ်။ အခြားတစ်ဖက်မှာလည်း တရုတ်ဟာ တိန့်ရှောက်ဖိန်ရဲ့လမ်းညွှန်မှုနဲ့ စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်လာပြန်ပြီး အမေရိကန်ကို ခြိမ်း ခြောက်နိုင်တဲ့အဆင့်၊ ပလ္လင်လုနိုင်တဲ့အခြေအနေဖြစ်ခဲ့တယ်။ညစစ်ရေးပိုင်းဆိုင်ရာမှာလည်းနည်းပညာသစ်တွေပိုင်ဆိုင်လာပြီး စိန်ခေါ်နိုင်တဲ့ အဆင့်အထိတက်လှမ်းနိုင်ခဲ့တယ်။ တရုတ်ရေတပ်ကိုအလျင်မြန်ဆုံးတိုးတက်နေတဲ့ ရေတပ်လို့သတ်မှတ်ကြတယ်။

     ၁၉၉၁ ခေတ်ကို Unipolar Worldလို့သတ်မှတ်ပေမယ့် ခေတ်နှောင်းဖြစ်တဲ့ ယနေ့အချိန်ကို စာရွက်ပေါ်မှာသာ ဧကဝင်ရိုးကမ္ဘာကြီးလို့ ဘယ်လိုပြောပြော အမှန်တကယ်လက် တွေ့မှာဝင်ရိုးစုံကာလ Multipolar World လို့ ကျွမ်းကျင်သူတွေက သတ်မှတ်လာကြပါတယ်။ အမေရိကန်ရဲ့ကြွင်းကျန်ဩဇာကတော့ ကြီးမားနေဆဲပါ။

အနာဂတ်ကမ္ဘာ့အစီအစဉ်သစ် Future New World Order

     ဧကဝင်ရိုးကမ္ဘာကြီးကနေ ဝင်ရိုးစုံကမ္ဘာကြီးဖြစ်အောင်ကြိုးစားနေပါတယ်လို့ ဘယ်လိုပဲ လူကြားကောင်းအောင်ပြောပြော၊ အမှန်တကယ်က New Uni-polar World ဆိုတဲ့ ဧကဝင်ရိုးသစ် ကမ္ဘာကြီးဖြစ်စေမယ့် ကမ္ဘာ့အစီအစဉ်သစ်အတွက် အားပြိုင်နေကြတာကိုတကယ်ကျွမ်းကျင်သူတွေကသိထားကြပါတယ်။

     ရုရှားဟာ သယံဇာတပေါကြွယ်ဝပေမယ့် စီးပွား ရေးစနစ်က ကန့်သတ်ထားတာကြောင့် အမေရိကန်ကိုတစ်ကွက်ကောင်းလောက်နဲ့ပဲ ခြိမ်းခြောက်နိုင်တယ်။ စိန်ခေါ်နိုင်တဲ့အဆင့်မဟုတ်ပါ။ တရုတ်က စီးပွားရေးကို တံခါးဖွင့်ပြိုင် ဆိုင်နိုင်စွမ်းပေါ်မှာ အခြေခံထားတာမို့ဘက်စုံက တိုးတက်လာပြီး အမေရိကန်ကို စိန်ခေါ်လည်းခေါ်နိုင်၊ ခြိမ်းလည်းခြိမ်းခြောက်နိုင်တဲ့ အဆင့်ဖြစ်လာတယ်။

     တရုတ်ကို ဒီရက်ပိုင်းအတွင်းမှာ(China is no longer developing country) ပြောလာကြပြီ။ တရုတ်ဟာဖွံ့ဖြိုးဆဲနိုင်ငံမဟုတ်တော့ဘူး၊ ဖွံ့ဖြိုးနိုင်ငံအဖြစ်စတင်နေပြီ…လို့ဆိုလာကြတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ခံစားမှုမျိုးကို မရသင့်တော့ဘူး.. လို့ထောက်ပြလာကြတယ်။ အခြေအနေသုံးရပ်ကိုပြည့်မီရင် ဖွံ့ဖြိုးဆဲလို့ မသတ်မှတ်တော့ပါဘူး။

     သမ္မတ Joe Biden လက်ထက်မှာ ယူကရိမ်းနဲ့ရုရှားစစ်ဖြစ်တယ်။ အမှန်တကယ်က ရုရှားဟာ NATO တစ်ခုလုံးနဲ့ရင်ဆိုင်ရတာပါ အတော်စစ်ထောင်းသွားခဲ့တယ်။ ရုရှားစီးပွားရေးယိုင်နဲ့ သွားခဲ့ရတယ်။ အမေရိကန်ကို ပခုံးတန်းနိုင်တဲ့ အဆင့်မရှိတော့ဘူး။ နည်းပညာမြင့် လက်နက်တချို့နဲ့အမေရိကန်ရဲ့ ရန်ကိုကာကွယ်နိုင်တဲ့အဆင့်အထိပဲရှိပါတော့တယ်။ နောက်ထပ်စစ်ပွဲတစ်ပွဲအတွက် စစ်စရိတ်ဟာ ရုရှားအတွက်အလွန်ခက်ခဲ သွားခဲ့ပါပြီ။

     တရုတ်က စစ်မတိုက်ရသေးပါဘူး၊ပါးနပ်တယ်၊ စစ်ကိုရှောင်တယ်။ စိန်ခေါ်ခံရမှုအမြင့်ဆုံး အမေရိကန်နဲ့တွေ့ခဲ့ရင်… ဆိုတဲ့မျှော်လင့်ချက်နဲ့အင်အားကိုသာ ဖြည့်ဆည်းထားတာတွေ့ရတယ်။

     အနာဂတ်မြင်တွေ့ရမယ့် ကမ္ဘာ့အစီအစဉ်သစ်က တရုတ်အခြေခံတဲ့ ဝင်ရိုးသစ်နဲ့ ကမ္ဘာကြီးလား၊ တရုတ်ကိုဖြိုပြီး အမေရိကန်ကိုပဲပြန်အခြေခံတဲ့ အရင်ဝင်ရိုးဟောင်းနဲ့ ကမ္ဘာ့အစီအစဉ်သစ်လားဆိုတာ စိတ်ဝင်စားစရာပါ။ ဝင်ရိုးဟောင်းကို ပြန်အခြေခံရင်တောင်မှ New Normal ပုံမှန်အခြေအနေသစ်နဲ့ ပြန်စရမှာမို့ New WorldOrder ကမ္ဘာ့အစီအစဉ်သစ်လို့ပဲ သတ်မှတ်ကြမှာဖြစ်ပါတယ်။

မြင်သာတဲ့ အသံထွက်စစ်ပွဲ Visible War

     အီရန်စစ်ပွဲကမြင်သာတဲ့အသံထွက်စစ်ပွဲပါ။ နောက်ကအသံတိတ်စစ်ပွဲ ကပ်ပါလာတာကို အပေါ်ယံကြည့်သူတွေမြင်ရမှာမဟုတ်ပါဘူး။ မြင်ရင်တောင်မှ ခပ်ရေးရေးလောက်ပဲ မြင်ကြပါလိမ့်မယ်။

     အီရန်စစ်ရဲ့ အခြေခံက သန့်စင်ပြီး ယူရေနီယံကနေ အနု မြူကို အီရန်မပိုင်ဆိုင်နိုင်ရေး အစ္စရေးရဲ့ပြဿနာပါ။ ၂၀၂၅  ၁၂ ရက်ကြာစစ်ပွဲလို အမေရိကန်အနေနဲ့ဗုံးကြဲပြီးပြန်ထွက် Hit and Back လုပ်ရင်ရရဲ့သားနဲ့ အစ္စရေးထက်ပိုစွာပြီး အီရန်စစ်မှာလက်လျှိုလိုက်တာဟာ အကြောင်းရှိနေပါတယ်။ အီရန်စစ်မှာ အမေရိကန်က ပံ့ပိုးဇာတ်ကောင် Supporting Actor ပဲဖြစ်ရမယ့်အစား၊ MainActor အနေနဲ့ ကိုယ်ထင်ပြလာတာဟာအကြောင်းမဲ့မဟုတ်ပါဘူး။

     အီရန်စစ်ကို အမေရိကန်က အဓိကဇာတ်ကောင်အနေနဲ့ အသံထွက်စစ်တိုက်ပြတယ်။ဟော်မုဇ်ဟာ သမိုင်းအတင်ခံရမယ့် အမေရိကန်-အီရန်အသံထွက်စစ်ဖြစ်ပါတယ်။ အစ္စရေးတောင် နောက်ရောက်သွားပြီး အီရန်စစ်မှာပါသေးရဲ့လားလို့တောင် မေးယူရမလောက်အောင် အမေရိကန်ကပဲ တောက် လျှောက် ဦးဆောင်သွားနေတာတွေ့ရတယ်။ အီရန်စစ်က ထုတ်လိုက်တဲ့လှိုင်းဖြာသက်ရောက်မှု Rippling Effect တွေကတော့ ကမ္ဘာကြီးကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လိုက်ပြီးထွက်လာတဲ့ ရလဒ်တွေက သက်ဆိုင်တဲ့ ကာယကံရှင် အသံတိတ်စစ်ဆင်နွှဲနေကြသူနှစ်ဦးအပေါ် သက်ရောက်သွားခဲ့ကြတယ်။ အဲ့ဒီလှိုင်းဖြတ်သက်ရောက်မှုတွေရဲ့ အကျိုးကို အသံတိတ်စစ်ဆင်နွှဲနေကြသူတွေ ဘယ်လောက် ကြံ့ကြံ့ခံနိုင်မလည်းက စကားပြောလာတယ်။ အဲဒီကနေမှ ကမ္ဘာ့အစီအစဉ်သစ်တစ်ခုထွက်ပေါ်လာမှာပါ။

အိုပက်က ယူအေအီးထွက်ပြီ Bye bye from OPEC

     အီရန်စစ်က ထုတ်လွှတ်လိုက်တဲ့ လှိုင်းဖြတ်သက် ရောက်မှုအင်အားက အတော်ကြီးတာတွေ့ရတယ်။ ယူကရိမ်းစစ်ထက် အများကြီးပိုတဲ့ သက်ရောက်မှုတွေလို့သတ်မှတ်ကြတယ်။ အမေရိကန် စတော့တွေ ရဲဗလောင်းခတ်သွားအောင် လုပ်လိုက်တယ်။ ရက်ပိုင်းအတွင်း အမေရိကန်စတော့တန်ဖိုး $55 Trillion လောက်ဆုံးရှုံးသွားအောင်လည်းလုပ်ပြခဲ့တယ်။ ခဏငြိမ်ပေးလိုက်လို့ စတော့တွေအနည်းငယ်ပြန်တက်ခဲ့တယ်။ ချက်ချင်းပြန်ကျအောင်လုပ်နိုင်ခွင့်ကို လက် ကိုင်ထားနေဆဲပါ။

     EU က အမေရိကန်အက်ဆက်တွေကို စပြီးထုတ်နေတာဟာ အလွန်စိုးရိမ်စရာ အခြေအနေပါ။ စုစုပေါင်း $ 13 Trillion တန်ဖိုးရှိတယ်။ အနောက်အုပ်စု အမေရိကန်ကို ဟော်မုဒ်မှာ မကူညီပဲ တရုတ်ဆီ သွားပြနေကြတာဟာလည်း အမေရိကန်အတွက် မကောင်းတဲ့ လက္ခဏာကြီးတစ်ခုပါ။

     UAE က အရှေ့အလယ်ပိုင်းဒေသတွေထဲမှာ စစ်ဒဏ်အခံလိုက်ရဆုံး နိုင်ငံတစ်ခုဖြစ်တယ်။ ဆော်ဒီနဲ့ အားပြိုင်နေတဲ့ နိုင်ငံဖြစ်ပြီး ဒေသတွင်းအလျင်မြန်ဆုံး တိုးတက်နေတဲ့နိုင်ငံလည်းဖြစ်တယ်။ ရေနံကိုတတိယအများဆုံး ထုတ်လုပ်ပေးနေတဲ့ နိုင်ငံဖြစ်ပြီး ဒေသတွင်း Financial Hub ဆိုတဲ့ ဘဏ္ဍာရေး အချက်အခြာနေရာလဲဖြစ်နေတယ်။ ပညာရေး၊ ကျန်းမာရေး၊ ခရီး သွားလုပ်ငန်းစတဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံအဖြစ်လည်းထင်ရှားတယ်။

     ၂၀၂၆ မေလ ၁ရက်နေ့မှာ UAE ဟာ OPEC နဲ့ OPEC+ အဖွဲ့ထဲက နုတ်ထွက်မယ်လို့ ရုတ်တရက် ထကြေညာလိုက်တယ်။ ဒီဂယက် အတော်ကြီးသွားခဲ့တယ်။ ကမ္ဘာ့ရေနံလိုအပ်ချက်အများဆုံးကို အိုပက်ကထုတ်လုပ်ပေးပြီး ရေနံဈေးကိုလည်းထိန်းချုပ်ထားတယ်။ အဲ့ဒီလို ဩဇာကြီးမားတဲ့အဖွဲ့ထဲက ထွက်မယ်ဆိုတဲ့ သတ္တိကမနည်းလှပါ။ လောလောဆယ်ဟော်မုဇ်ပြဿနာရှိထားတော့ ယူအေအီးနိုင်ငံအနေနဲ့ ဘာမှတော့ထူးထွေသည့် အံ့သြသော်တော့ လုပ်မရသေးပါဘူး။ ဒါပေမဲ့ ယူအေအီးစွမ်းအင်ဝန်ကြီးက –
     “ဒါဟာ မူဝါဒဆိုင်ရာအဆုံးအဖြတ်ပါ။ လက်ရှိအခြေ အနေနဲ့ အနာဂတ်ကို အသေအချာစဉ်းစားပြီးမှဆုံးဖြတ်ခဲ့တာပါ”

     အရှေ့အလယ်ပိုင်းဒေသထဲက ထင်ထင်ရှားရှားပြတ် ပြတ်သားသား ကွဲထွက်သွားမှုပါ။ အီရန်စစ်က မွေးထုတ် ပေးလိုက်တဲ့ By Product တစ်ခုဖြစ်ပါတယ်။ လှိုင်းဖြာသက်ရောက်မှုထဲက သမိုင်းတွင်တစ်ခုလည်းဖြစ်ပါတယ်။

     ယူအေအီးဘယ်ဘက်ယိမ်းတယ်ဆိုတာလဲ ခန့်မှန်းလို့ရကြပါလိမ့်မယ်။ ဒါက အသံတိတ်စစ်ပွဲထဲက ပြယုဂ်တစ်ခု ဖြစ်လာပါတယ်။ နောက်ထပ် ဘယ်နိုင်ငံတွေ ထင်းအစည်း ပြေသလို လိုက်လာကြမလည်း မသိသေးပါ။

     အရင်က အိုပက်အနေနဲ့ စုစုစည်းစည်းရှိနေကြစဉ်က ဘယ်သူက တစ်နေ့ကို ဘယ်လောက်ပဲထုတ် ရေနံဈေးဘယ်လောက်ထားကြဆိုတဲ့ ဈေးကွက်ကြီးကို ထိန်းချုပ်ထားမှုမှာလက်တစ်ချာင်းစပြေပါပြီ။

မလက္ကာနဲ့အာရှလည်း အုပ်စုတွင်းသဘောထားကွဲ
The crack within Asia

     သန့်စင်ပြီးယူရေနီယံကို အကြောင်းခံကြပေမဲ့လည်းနောက်ဆုံး အသံတိတ်စစ်ပွဲက တဖြည်းဖြည်းရှေ့ရောက်လာတာတွေ့ရတယ်။ ဟော်မုဇ်ဂိမ်းမှာ မျှော်သလောက်ရလဒ်ထွက်မလာတော့ ထရမ့်က နောက်ဂိမ်းတစ်ခုကိုကူးဖို့ အစ ပျိုးလာတာတွေ့ရတယ်။ ဒါကတော့ မလက္ကာဘက်ဖြစ်တယ်။ မလက္ကာဘက် ပိတ်ဆို့နိုင်ရင်တရုတ်ရဲ့နာကျင်မှုက ပိုလာပါလိမ့်မယ်။

     မလက္ကာဂိမ်းဘက်အသံပေးပြီး နားစွင့်ကြည့်လိုက်တဲ့အခါမှာ အင်ဒိုနီးရှားက အမေရိကန်ဘက်အသံပေးပြီး၊စင်ကာပူနဲ့ မလေးရှားက ဆန့်ကျင်တာတွေ့ရတယ်။ အထူး သဖြင့် အမေရိကန်နဲ့ မဟာမိတ်ဖြစ်တဲ့ စင်ကာပူနိုင်ငံက ဆန့်ကျင်ပြလိုက်တာဟာ ထူးခြားလှတယ်။

     တစ်ချိန်တည်းမှာပဲ တရုတ်ကို ဖိအားပေးတဲ့အနေနဲ့ ကျားဖြန့်အကြောင်း အမေရိကန်က အစပြန်ဖော်လာတဲ့အပြင်၊ အဓိကခေါင်းဆောင်နှစ်ဦးနဲ့ ပတ်သက်တဲ့သတင်းပေးနိုင်သူကို S 10 Million ပေးမယ်လို့လည်းဆုငွေထုတ်လာတာ တွေ့ရတယ်။နဂိုကမှ အက် ကြောင်းရေးရေးရှိနေတဲ့ အာဆီယံဟာ အုပ်စုကွဲတွေ ဖြစ်ဖို့ လှိုင်းတွေရိုက်လာပါပြီ။

     ဒီကာလတွေကတော့ လှိုင်းကြီးလေထန်၊ အသံတိတ်စစ်ပွဲရဲ့ လှိုင်းဖြာသက်ရောက်မှု ဆူနာမီဒဏ်ကိုအလူးအလဲ ခံနေရတဲ့ကာလဖြစ်ပါတယ်။ မိုးတွေလေတွေ ငြိမ်သွားရင်တော့ ဘယ်သူက အောင်နိုင်သူဆိုတာကို ကွက်ကွက် ကွင်းကွင်းမြင်ကြရမှာဖြစ်ပါတယ်။

#IranWar #Silent War #FutureNewWorldOrder #RipplingEffect  #UAE&OPEC+ #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN