ကျန်းမာရေးဝန်ဆောင်မှုများ တိုးတက်စေရေး ဆေးရုံများ ကွင်းဆင်းစစ်ဆေး၊ သူနာပြုသိပ္ပံအဆင့်မြှင့်တင်ရေး ဆောင်ရွက်

(ကျန်းမာရေး) မေ ၁၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်ရှိ ယင်းမာပင်တိုက်နယ်ဆေးရုံနှင့် တိုက်နယ်ကျန်းမာရေးဌာနသို့ သွားရောက်ကာ လူနာဆောင်များ၊ ဆေးသိုလှောင်ခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်းတို့၏ လည်ပတ်ဆောင်ရွက်နေမှုများနှင့် ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်မှု၊ ဆေးဝါးထောက်ပံ့နိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ် ကလောမြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိကာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ်မည့် ခွဲစိတ်ခန်းပါ သုံးထပ်အဆောက်အအုံသစ် ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဆက်လက်၍ အောင်ပန်းတိုက်နယ်ဆေးရုံသို့ သွားရောက်ကာ အရေးပေါ်လူနာဌာန၊ အတွင်းလူနာဆောင်များနှင့် ဓာတ်ခွဲခန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးဝင်းအတွင်းရှိ သူနာပြုသင်တန်းကျောင်းသို့ သွားရောက်၍ သူနာပြုသိပ္ပံအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကို စစ်ဆေးခဲ့ပြီး သင်ကြားရေးဆရာများ၊ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခဲ့သည်။

ထို့အပြင် Skills Lab၊ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ ထမင်းစားခန်းနှင့် သင်ကြားရေးခန်းမများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သူနာပြုကျွမ်းကျင်မှုမြှင့်တင်ရေးအတွက် လိုအပ်သော ဆောင်ရွက်မှုများကို ဆက်လက်အားဖြည့်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

#PAN