(ပြည်တွင်း) မေ ၁၀
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေသည့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများ၊ ရုပ်သံထုတ်လွှင့်မှုလုပ်ငန်းများနှင့် သတင်းစာရိုက်နှိပ်ထုတ်ဝေမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် စစ်ကိုင်းတောင်ပေါ်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံသို့ သွားရောက်၍ ရုပ်သံထပ်ဆင့်ထုတ်လွှင့်နေမှုနှင့် FM လိုင်းများ ထုတ်လွှင့်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းအချိန်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူများ အသိပညာတိုးပွားရေးနှင့် စိတ်လက်အပန်းဖြေရေးအတွက် အရည်အသွေးမြင့် အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်သွားရန်နှင့် ပြည်သူများအား အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများနှင့် မန္တလေးတိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး ကျေးလက်နေပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ရုပ်မြင်သံကြား၊ ရေဒီယိုနှင့် သတင်းစာများမှတစ်ဆင့် မှန်ကန်တိကျသော သတင်းအချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လက်တွေ့အသုံးဝင်သော အချက်အလက်များကို မီဒီယာမှတစ်ဆင့် ပေးပို့နိုင်ရေး အလေးပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့အပြင် စာပေဖတ်ရှုမှု တိုးတက်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားကြရန် တိုက်တွန်းခဲ့ပြီး ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မန္တလေးဗျူရိုတွင် သတင်းအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်နေမှုများ၊ ကိုယ်ပွားသတင်းစာတိုက် (မန္တလေး) တွင် နေ့စဉ်ထုတ် သတင်းစာများ ရိုက်နှိပ်ဖြန့်ချိနေမှုများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မန္တလေးခရိုင်ရုံး Community Center တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ထို့ပြင် မန္တလေးမြို့ရှိ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၏ စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
#PAN