(ပြည်တွင်း) မေ ၉

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ ၈ ရက် နေ့လယ် ၁ နာရီအချိန်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းနှင့် ဌာနဆိုင်ရာများ ပြည်ခိုင်ဖြိုးပါတီကတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်အေးက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်ပေးအပ်ပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဆွေနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစန်းမင်းတို့က ဒေသန္တရစီမံကိန်းများနှင့် ပတ်သက်သည့် မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လိုအပ်သည့် အချက်အလက်များကို ပူးပေါင်းဆောင်ရွက်၍ လွှတ်တော်တွင် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းတာဝန်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။