
(ပြည်တွင်း) မေ ၈
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မေ ၇ ရက်နေ့ နံနက် ၉ နာရီ အချိန်၌ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးရုံးတွင် လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးစိုင်းဟွမ်နွဲ့၊ ဒေါ်နန်းနော်၊ ဦးအိုက်ပလိတ်တို့နှင့်အတူ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားအတွင် လွှတ်တော်ကိုယ်စားလှယ်ရုံး ဆိုင်းဘုတ်အား မင်္ဂလာအမွှေးနံသာရည်များ ပက်ဖျန်းကာ ဖွင့်လှစ်ခဲ့ကြပြီး အဆိုပါ ဖွင့်ပွဲကို နံနက် ၉ နာရီခွဲ အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် မေ ၇ ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များက နှုတ်ဆက်စကားပြောကြားခဲ့ပြီး လွှတ်တော်အစည်းအဝေး အတွေ့အကြုံများကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသည့် ပြည်သူများက မေးမြန်းဆွေးနွေးခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
နောက်ဆုံးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွန်းဦးက နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီခွဲ အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကျိုင်းတုံမြို့ ရပ်ကွက်(၃)ရှိ ခေတ္တာလမ်းနှင့် သစ်ခွလမ်း ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ထို့အပြင် သာသနာ့ဗိမာန်နှင့် ကတ်ဖကျေးရွာအုပ်စု နောင်တန်–နောင်ခွန်လမ်း အခြေအနေများကိုလည်း ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။