မြောင်းမြမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကဒ်နှင့် UID ကဒ်ပေးအပ်ပွဲ ကျင်းပ

(ပြည်တွင်း) မေ ၈

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်တွင် မေ ၇ ရက်နေ့ နေ့လည် ၂ နာရီ အချိန်က အ.ထ.က (၁) ပညာရတနာခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍ နိုင်ငံသားစိစစ်ရေးကဒ်နှင့် UID ကဒ်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမန်းသိန်းကျော်၊ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ညွှန်ကြားရေးမှူး ဦးအောင်မျိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်စန္နာအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံသားစိစစ်ရေးကဒ် (၄၄၅) ကဒ်နှင့် UID ကဒ် (၂၀၀ ကျော်) ကို သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် တာဝန်ရှိသူများက UID ကဒ် ထုတ်ပေးနေမှု လုပ်ငန်းစဉ်များနှင့် သွေးစစ်ဆေးမှု လုပ်ငန်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး ထုတ်ပေးနေမှုများတွင် အချက်အလက်မှန်ကန်တိကျမှုရှိစေရန် လိုအပ်သည့် ညွှန်ကြားမှာကြားခဲ့ကြောင်း သိရသည်။