စစ်တောင်းတံတားအဆင်းတွင် ခရီးသည်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ စစ်တောင်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ စစ်တောင်းတံတားအဆင်းတွင် Express ခရီးသည်ယာဉ် တစ်စီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ မေလ ၇ ရက်နေ့ည၇နာရီ၅၃မိနစ်အချိန်ခန့်က ရန်ကုန်မှ မောင်းနှင်လာသော ရွှေဝယ်ရတနာ ခရီးသည်ယာဥ်တစ်စီး၏ အနောက်ခန်း၌ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ရာသို့ ကျိုက်ထိုမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် ရွှေဝယ်ရတနာ Express ခရီးသည်ယာဉ်အနောက်ခန်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ခရီးသည်များ ထိခိုက်မှု ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။