
(နိုင်ငံတကာ)မေ ၇
လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော် တောင်ပိုင်းဆင်ခြေ ဖုံးရပ်ကွက်များကို အစ္စရေးတိုက်လေယာဉ်များက ယမန်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဟစ်ဇဘိုလာ၏ အဆင့်မြင့်တပ်မှူးတစ်ဦးကို လုပ်ကြံသတ်ဖြတ်နိုင်ခဲ့ကြောင်း အစ္စရေးဘက်က ကြေညာလိုက်သည်။
ယခုတိုက်ခိုက်မှုသည် ဧပြီလ ၁၇ ရက်နေ့တွင် အမေရိကန်ကြားဝင်စေ့စပ်ပေးမှုဖြင့် အစ္စရေးနှင့် ဟစ်ဇဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေး စတင်ခဲ့ပြီးနောက်ပိုင်း ဘေရွတ်မြို့တော်အပေါ် ပထမဆုံးအကြိမ် ပြုလုပ်သည့် တိုက် ခိုက်မှုဖြစ်သည်။ ဘေရွတ်တောင်ပိုင်းရှိ ဂိုဘေးရီ (Ghobeiri)အရပ်ကို ပစ်မှတ်ထားခြင်းဖြစ်ပြီး ကျယ် လောင်သော ပေါက်ကွဲသံများနှင့်အတူ အဆောက်အအုံများ ကြီးမားစွာ ပျက်စီးခဲ့သည်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ၎င်းနှင့် ကာကွယ်ရေးဝန်ကြီးတို့၏ တိုက်ရိုက်ညွှန် ကြားချက်ဖြင့် ဟစ်ဇဘိုလာ၏ ရဒ်ဝမ် (Radwan) အထူးတပ်ဖွဲ့မှ တပ်မှူး မာလက် ဘာလူး (Malek Balou) ကို လုပ်ကြံနိုင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ “ဘယ်အကြမ်းဖက် သမားမှ ကင်းလွတ်ခွင့်မရှိဘူး၊ အစ္စရေးရဲ့ လက်တံဟာ ရန်သူတိုင်းကို ဖမ်းဆုပ်နိုင်မှာပါ” ဟု နေတန်ယာဟုက တယ်လီဂရမ်တွင် ရေးသားခဲ့သည်။
အစ္စရေးတပ်ဖွဲ့များသည် အပစ်အခတ်ရပ်စဲရေး ရှိနေသော်လည်း လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများကို ဆက်လက်တိုက်ခိုက်နေပြီး ဗုဒ္ဓဟူးနေ့က တိုက်ခိုက်မှုများတွင် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့သည်။ လက်ဘနွန်အရှေ့ပိုင်း ဘီကာတောင်ကြား (Bekaa Valley) ရှိ အစ္စရေးတိုက်ခိုက်မှုတွင် လူ ၄ ဦး သေဆုံးခဲ့ပြီး၊ တောင်ပိုင်းတွင်လည်း ဟစ်ဇဘိုလာပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။
တစ်ချိန်တည်းမှာပင် ဟစ်ဇဘိုလာကလည်း လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့များကို ပစ်မှတ်ထားသော စစ်ဆင်ရေးများနှင့် အစ္စရေးမြောက်ပိုင်းအပေါ် တိုက်ခိုက်မှုအချို့ကို လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်က ကြားဝင်စေ့စပ်ပေးခဲ့သော ဧပြီ ၁၇ အပစ်ရပ်စဲရေးနောက်ပိုင်း သေဆုံးသူများအပါအဝင် မတ်လ ၂ ရက်နေ့မှစ၍ လက်ဘနွန်အတွင်း အစ္စရေးတိုက်ခိုက်မှုများကြောင့် သေဆုံးသူပေါင်း ၂,၇၀၀ ကျော်ရှိလာပြီ ဖြစ်သည်။ အစ္စရေးစစ်တပ်ဘက်မှလည်း တိုက်ပွဲများအတွင်း စစ်သား ၁၇ ဦးနှင့် အရပ် သား ကန်ထရိုက်တာ တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အမည်ခံအပစ်အခတ်ရပ်စဲရေး ရှိနေသော်လည်း လက်ဘနွန်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် အစ္စရေး၏ တိုက်ခိုက်မှုများကြောင့် အပစ်ရပ်စဲပြီးနောက် ဘေရွတ်တောင်ပိုင်းသို့ နေရပ်ပြန်လာကြသည့် အရပ်သားများအကြားတွင် စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေသည်။
#Israel #Lebanon #Hezbollah #Beirut #CeasefireViolation #MiddleEastWar #BreakingNews #PositiveAngleNews #Netanyahu
Telegram»…
https://t.me/positiveanglenews
#PAN