ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်မှုဖြစ်ပွားနေသည့် အပျော်စီးသင်္ဘောအား ကနေရီကျွန်းစုတွင် ဆိုက်ကပ်ခွင့်ပြုရန် စပိန်သဘောတူ

(နိုင်ငံတကာ)မေ ၆

    ​​ အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဟန်တာဗိုင်းရပ်စ် (Hantavirus) ကူးစက်ပြန့်ပွားမှုကြောင့် လူသေဆုံးမှုများရှိနေသည့် MV Hondius အပျော်စီးသင်္ဘောကို စပိန်နိုင်ငံပိုင် ကနေရီကျွန်းစု(Canary Islands)တွင် ဆိုက်ကပ်ခွင့်ပြုရန် စပိန်အစိုးရက သဘောတူညီလိုက်ပြီဖြစ်သည်။

​     အနောက်အာဖရိကရှိ ကိပ်ဗာဒီ (Cape Verde) နိုင်ငံသည် သင်္ဘောပေါ်ရှိ ခရီးသည်နှင့် သင်္ဘောသား ၁၄၇ ဦးကို လက်ခံကုသရန် စွမ်းဆောင်ရည်မရှိတော့သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တောင်းဆိုချက်အရ စပိန်နိုင်ငံက လက်ခံပေးခဲ့ခြင်းဖြစ်သည်။ “စပိန်နိုင်ငံသားတွေလည်း ပါဝင်နေတဲ့ ဒီလူတွေကို ကူညီပေးဖို့ ကျွန်တော်တို့မှာ ကိုယ်ကျင့်တရားဆိုင်ရာရော ဥပဒေကြောင်းအရပါ တာဝန် ရှိပါတယ်” ဟု စပိန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

​     အဆိုပါသင်္ဘောသည် အာဂျင်တီးနားနိုင်ငံမှ စတင်ထွက်ခွာလာခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဒတ်ချ်ဇနီး မောင်နှံနှင့် ဂျာမနီနိုင်ငံသားတစ်ဦးတို့သည် ဤရှားပါးဗိုင်းရပ်စ်ဖြင့် သေဆုံးခဲ့ပြီးဖြစ်သည်။ လက်ရှိတွင် သင်္ဘောဆရာဝန်အပါ အဝင် နောက်ထပ်လူနာများမှာ အခြေအနေစိုးရိမ်ရသဖြင့် အရေးပေါ်ဆေးကုသမှုများ လိုအပ်နေသည်။ WHO ၏ အဆိုအရ ဤဗိုင်းရပ်စ်သည် တောင်အမေရိကရှိ အန်ဒီးစ် (Andes) မျိုးစိတ်ဖြစ်နိုင်ပြီး အလွန်နီးကပ်စွာ ထိတွေ့သူများအကြား လူအချင်းချင်း ကူးစက်မှုအချို့ ရှိနိုင်သည်ဟု သံသယရှိနေသည်။

​     သင်္ဘောသည် ကနေရီကျွန်းစုသို့ ဆိုက်ကပ်ရန် သုံးရက်ခန့် ကြာမြင့်မည်ဖြစ်ပြီး၊ ရောက်ရှိလာပါက ဒေသခံပြည်သူများနှင့် ထိတွေ့မှုမရှိစေရန် သီးသန့်အဆောက်အအုံများနှင့် အထူးယာဉ်များကို အသုံးပြုကာ ဆေးစစ်ခြင်း၊ ကုသခြင်းနှင့် မိခင်နိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်သည်။

     အာဂျင်တီးနားနိုင်ငံအပါအဝင် တောင်အမေရိကတွင် ပျံ့နှံ့လေ့ရှိသော အန်ဒီးစ်(Andes) ဗိုင်းရပ်စ်မျိုးစိတ်မှာ ယခင်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့တွင် အလွန်နီးကပ်စွာ ထိတွေ့သူများအကြား အကန့် အသတ်ဖြင့် ကူးစက်မှုမျိုးကို တွေ့ရှိခဲ့ဖူးသည်။

     ဟန်တာဗိုင်းရပ်စ်၏ ပုံမှန်ရောဂါပျိုးချိန်မှာ တစ်ပတ်မှ ခြောက်ပတ်အထိ ကြာမြင့်တတ်သဖြင့် သင်္ဘောပေါ်မတက်မီ အာဂျင်တီးနားတွင် လည်ပတ်ခဲ့ကြသည့် ဒတ်ချ်ဇနီးမောင်နှံသည် “သင်္ဘောပြင်ပတွင် ကူးစက်ခံခဲ့ရခြင်းဖြစ်သည်” ဟု WHO က ယူဆထားသည်။

     အခြားကူးစက်ခံရသူများသည်လည်း သင်္ဘောခရီးစဉ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ငှက်ကြည့်ခရီးစဉ်များအဖြစ် ငှက်နှင့် ကြွက်များနေထိုင်ရာ ကျွန်းများသို့ သွား ရောက်စဉ်အတွင်း ကူးစက်ခံခဲ့ရခြင်း ဖြစ်နိုင်ကြောင်း သိရသည်။

     ဟန်တာဗိုင်းရပ်စ်သည် အဓိကအားဖြင့် ကြွက်များ ၏ ဆီး၊ မစင်နှင့် တံတွေးတို့မှတစ်ဆင့် ကူးစက်တတ်ပြီး ပြင်း ထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာများကို ခံစားရစေကာ သေဆုံးသည်အထိ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

​#Hantavirus #CruiseShipOutbreak #MVHondius #Spain #CanaryIslands #BreakingNews #PositiveAngleNews #PublicHealth

Telegram»…
https://t.me/positiveanglenews

#PAN