
(နိုင်ငံတကာ)မေ ၆
အမေရိကန်နှင့် အီရန်တို့အကြား ဟော်မုဇ်ရေလက် ကြားတွင် စစ်ရေးတင်းမာမှုများ မြင့်တက်နေချိန်၌ အီရန်နိုင်ငံ ခြားရေးဝန်ကြီး အဘတ်စ် အာရက်ဂ်ချီသည် ၎င်း၏ ရင်းနှီးသောမဟာမိတ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံရန် ပေကျင်းမြို့သို့ ယနေ့တွင် ရောက်ရှိလာသည်။
ဖေဖော်ဝါရီ ၂၈ ရက်တွင် အမေရိကန်-အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်း အီရန်၏ ရင်းနှီးသောမဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံသို့ အာရက်ဂ်ချီ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်သည်။ စစ်ပွဲစတင်ပြီးနောက် ပိုင်း ၎င်းတို့နှစ်ဦးသည် ဖုန်းဖြင့် အနည်းဆုံး သုံးကြိမ်တိုင်တိုင် ဆွေးနွေးခဲ့ဖူးသည်။
ယခုခရီးစဉ်သည် လာမည့် မေလ ၁၄ ရက်တွင် ကျင်းပမည့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တစ်ပတ်အလိုတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ဝန်ကြီးနှစ်ဦး တွေ့ဆုံဆွေးနွေးမှု စတင်နေပြီဖြစ်ကြောင်း အတည် ပြုသော်လည်း အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။
အီရန်နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ရှီ-ထရန့် တွေ့ ဆုံပွဲတွင် တရုတ်ဘက်က အီရန်အကျိုးစီးပွားအတွက် မည်သို့ရပ်တည်ပေးမည်နည်းဆိုသည်ကို ရှင်းလင်းစွာသိလိုနေပြီး၊ အီရန်ကို ထိခိုက်စေမည့် အလျှော့ပေးမှုမျိုး မလုပ်ဆောင်ရန် ပေကျင်းထံမှ အာမခံချက် ရယူလိုပုံရကြောင်း သံတမန်ရေးရာကျွမ်းကျင်သူများက သုံးသပ်ကြသည်။
ဆွေးနွေးပွဲတွင် အဓိကအချက် (၂) ချက်ဖြစ်သော “အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းရန်” နှင့် “ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန်” ကိစ္စရပ်များကို အလေးထားဆွေးနွေးမည်ဖြစ်သည်။ တရုတ်နိုင်ငံသည် အမေရိကန်၏ ရေကြောင်းပိတ်ဆို့မှုကို ဝေဖန်ထားသော် လည်း အီရန်က ကမ္ဘာ့စွမ်းအင်လမ်းကြောင်းဖြစ်သည့် ရေလက်ကြားကို ပိတ်ဆို့ထားသည့်အပေါ်တွင်လည်း စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။
အမေရိကန်သမ္မတ ထရန့်က ဟော်မုဇ်ရေလက် ကြားရှိ စစ်ဆင်ရေးများကို ခေတ္တရပ်နားကြောင်း ကြေ ညာထားချိန်တွင် ဤတွေ့ဆုံမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။ လက်ရှိတွင် ပါကစ္စတန်နိုင်ငံက အမေရိကန်နှင့် အီရန်အကြား ငြိမ်း ချမ်းရေးရရှိရန် အဓိကစေ့စပ်ပေးနေသော်လည်း နျူကလီး ယားကိစ္စနှင့် ရေလက် ကြားထိန်းချုပ်မှုကိစ္စရပ်များတွင် နှစ်ဖက်သဘော ထားကွဲလွဲမှုများ ဆက်ရှိနေဆဲဖြစ်သည်။
တရုတ်နိုင်ငံအနေဖြင့် ၎င်းတို့၏ ထိပ်သီးဆွေးနွေးပွဲမတိုင်မီ အီရန်ဘက်မှ အခြေအနေကို ပိုမိုဆိုးရွားစေမည့် စစ်ရေးလှုပ်ရှားမှုမျိုး မလုပ်ဆောင်ရန် အာရက်ဂ်ချီကို တိုက် တွန်းလိမ့်မည်ဟု မျှော်လင့်ရသည်။
#Iran #China #WangYi #Araghchi #HormuzStrait #Diplomacy #BreakingNews #PositiveAngleNews #MiddleEastConflict
Telegram»…
https://t.me/positiveanglenews
#PAN