ဟော်မုဇ်ရေလက်ကြား တင်းမာမှုများကြောင့် အပစ်ရပ်ရေး ပြိုလဲလုနီးပါးဖြစ်နေ၊ အီရန်ကို ကမ္ဘာမြေပေါ်မှ ဖျောက်ပစ်မည်ဟု ထရန့် ပြင်းထန်စွာ သတိပေး

(နိုင်ငံတကာ)မေ ၅

    ​​ဗျူဟာမြောက် အရေးပါသည့် ဟော်မုဇ်ရေလက် ကြားအတွင်း စစ်ရေးတင်းမာမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပြီး အမေရိကန်နှင့် အီရန်တို့အကြား ရရှိထားသည့် အပစ်အခတ်ရပ်စဲရေးမှာ ပြိုလဲလုနီးပါး အခြေအနေသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

​     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အကယ်၍ အီရန် အနေဖြင့် အမေရိကန်သင်္ဘောများကို တိုက်ခိုက်လာပါက “အီရန်နိုင်ငံကို ကမ္ဘာမြေမျက်နှာပြင်ပေါ်ကနေ ပျောက်ကွယ်သွားအောင် ချေမှုန်းပစ်မည်” ဟု Fox News နှင့် အင်တာဗျူးတွင် ပြင်းထန်စွာ သတိပေးလိုက်သည်။ အီရန်၏ ရေကြောင်းပိတ်ဆို့မှုကို ချိုး ဖျက်ရန် အမေရိကန်စစ်တပ်သည် “Project Freedom” စစ်ဆင်ရေးကို စတင်လိုက်ပြီး ကုန်သွယ်ရေးသင်္ဘောများကို စစ်တပ်က အကာအကွယ်ပေး၍ လမ်းပြခေါ်ဆောင်ပေးနေပြီ ဖြစ်သည်။

​     တနင်္လာနေ့အတွင်း ဖြစ်ပွားခဲ့သော စစ်ရေးလှုပ်ရှား မှုများတွင် အမေရိကန်စစ်တပ်က ဟော်မုဇ်ရေလက် ကြားအနီးရှိ အီရန်အမြန်မောင်းလှေ ၇ စင်းကို ပစ်ချခဲ့ကြောင်း သိရသည်။ တစ်ချိန်တည်းမှာပင် အီရန်ဘက်ကလည်း ၎င်းတို့၏ နယ်မြေကို ကျူးကျော်လာပါက ပစ်မှတ်ထားတိုက်ခိုက်မည်ဟု တုံ့ပြန်ထားပြီး၊ တောင်ကိုရီးယား ကုန်တင်သင်္ဘောတစ်စင်းမှာလည်း ယူအေအီး(UAE) ကမ်းလွန်တွင် ပေါက်ကွဲမှုနှင့် မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

​     တင်းမာမှုများအကြား အီရန်သည် ယူအေအီးနိုင်ငံသို့ ပဲ့ထိန်းဒုံးကျည် ၁၂ စင်း၊ ခရုစ်ဒုံးကျည် ၃ စင်းနှင့် ဒရုန်း ၄ စင်းဖြင့် တစ်ကျော့ပြန် တိုက်ခိုက်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဖူဂျိုင်ရာ(Fujairah) ရေနံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိန္ဒိယနိုင်ငံ သား ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အီရန်ဘက်ကမူ ဤဖြစ်စဉ်သည် အမေရိကန်စစ်တပ်၏ စွန့်စားရဲတင်းသော မူဝါဒများကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ပြန်လည်စွပ်စွဲထားသည်။

  ဟော်မုဇ်ရေလက်ကြားကို ဖွင့်ရန် ကြိုးပမ်းနေသော် လည်း အီရန်ဆိပ်ကမ်းများအပေါ် ပိတ်ဆို့ထားမှုမှာ ဆက်လက်တည်ရှိနေကြောင်း အမေရိကန်က ပြောကြားခဲ့သည်။ CENTCOM ၏ ထုတ်ပြန်ချက်အရ တနင်္လာ နေ့တွင် ရေကြောင်းပိတ်ဆို့မှုကို လိုက်နာစေရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များက ကုန်သွယ် ရေးသင်္ဘော ၅၀ ကို လမ်းကြောင်းလွှဲပြောင်းခိုင်းခဲ့ကြောင်း သိရသည်။

     ရေလက်ကြားအတွင်းရှိ သင်္ဘောများကို အကာ အကွယ်ပေးမည်ဆိုသည့် ဝါရှင်တန်၏ အာမခံချက်များမှာလည်း စွမ်းအင်စျေးကွက်အပေါ် သက်ရောက်မှုမရှိခဲ့ဘဲ တနင်္လာနေ့တွင် နိုင်ငံတကာရေနံဈေးနှင့် အမေရိကန်ဓာတ်ဆီဈေးများ ဆက်လက်မြင့်တက်နေခဲ့သည်။

     လေဗနွန်သတင်းဌာန Al Mayadeen ကမူ ဟော်မုဇ်ရေလက်ကြားအား စီမံခန့်ခွဲပိုင်ခွင့်မှာ တီဟီရန်၏ လက်ထဲတွင်သာ အပြည့်အဝရှိနေဆဲဖြစ်ကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။

       ဤစစ်ရေးပဋိပက္ခကြောင့် ကမ္ဘာ့လောင်စာဆီဈေး နှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာနေပြီး အမေရိကန်ပြည်တွင်း၌ ဓာတ်ဆီတစ်ဂါလန်လျှင် ၄.၄၅ ဒေါ်လာကျော်အထိ စံချိန်တင် မြင့်တက်လာခဲ့သည်။ ယင်းသည် အမေရိကန်၏ ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ ကုန်ဈေးနှုန်းကြီးမြင့်မှု ဒဏ်ကို ပိုမိုဆိုးရွားစေလျက် ရှိသည်။

     လက်ရှိတွင် ပါကစ္စတန်နိုင်ငံက ကြားခံစေ့စပ်ပေးရန် ကြိုးပမ်းနေသော်လည်း နှစ်ဖက်စလုံးက စစ်ရေးအင်အား ပြသနေသည့်အတွက် ဟော်မုဇ်ရေလက် ကြားသည် အချိန်မရွေး ပေါက်ကွဲထွက်သွားနိုင်သည့် စစ်မီးလျှံတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

​#HormuzStrait #Trump #Iran #UAE #ProjectFreedom #OilPrice #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN