
(ပြည်တွင်း) မေ ၅
ကွမ်းခြံကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဦးသန်းဇော် (ပြည်သူ့လွှတ်တော်)၊ ဦးအောင်သီဟ (အမျိုးသားလွှတ်တော်) နှင့် ဦးတင်လင်း (တိုင်းဒေသကြီးလွှတ်တော်) တို့သည် မေ ၅ ရက် နံနက် ၁၀ နာရီအချိန်တွင် မြို့နယ်ဆည်မြောင်းဦးစီးဌာန ဦးစီးမှူး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်စုသီတာလင်း၊ ကျေးလက်လမ်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်စိန်တို့နှင့်အတူ တော်ခလူးကျေးရွာသို့ သွားရောက်ကာ ရေထိန်းတံခါး ဆောက်လုပ်မည့်နေရာကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ စစ်ဆေးရာတွင် လိုအပ်ချက်များကို ဒေသခံပြည်သူများနှင့် ပူးပေါင်းညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြပြီး ဆက်လက်၍ နေ့လယ် ၁ နာရီ ၃၀ မိနစ်အချိန်တွင် တော်လန်းကျေးရွာသို့ သွားရောက်ကာ တော်လန်းကျေးရွာနှင့် ဘိုးသီကုန်းကျေးရွာတို့ကို ဆက်သွယ်မည့် ကုန်ထုတ်လမ်း ဆောက်လုပ်ရေးလုပ်ငန်း၊ တော်လန်းကျေးရွာနှင့် တိုက်ကုန်းကျေးရွာတို့ကို ဆက်သွယ်မည့် ကျေးရွာချင်းဆက်လမ်းနှင့် သံတံတား ဆောက်လုပ်မည့်နေရာများကို လည်းကောင်း၊ ရက် ၁၀၀ စီမံချက်အရ ပေကုန်းကျေးရွာနှင့် ကမာပါကျေးရွာတို့တွင် ရွာတွင်းလမ်းများကို ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လုပ်ငန်းများ ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးနိုင်ရေးနှင့် အရည်အသွေးပြည့်မီစေရေးတို့အတွက် လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံပြည်သူများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
ထို့နောက် ညနေ ၅ နာရီအချိန်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အောင်ဆန်းသူရိယ အားကစားကွင်း၌ ကျင်းပပြုလုပ်သည့် ရက် ၁၀၀ စီမံချက်အတွင်း Pilot Project ဘောလုံးအားကစားသင်တန်း ဖွင့်ပွဲသို့ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။