
(ပြည်တွင်း) မေ ၅
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးအေးမြင့်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်တို့သည် မေ ၄ ရက် နံနက် ၉ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ ရေစီးရေလာတာဝန်ခံ ဦးသန်းလှိုင်ဌေး၊ လမ်းတံတားတာဝန်ခံ ဒေါ်ပပဝင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်တို့နှင့်အတူ ယခုနှစ် မိုးရာသီကာလတွင် ရပ်ကွက်နှင့် ကျေးရွာများ ရေကြီးရေလျံမှု မဖြစ်ပေါ်စေရန် မြို့နယ်အတွင်းရှိ ရေတံခါးများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆည်မြောင်းဦးစီးဌာနပိုင် ကျုံပိုင်ရေတံခါးနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးပိုင် အလံအုတ်ရိုးရေတံခါး၊ သားပိုက်ရိုးရေတံခါး၊ ဒဂုံတက္ကသိုလ်ရေတံခါး၊ မုန့်ရိုးဖိုးရေတံခါးနှင့် မဒရေတံခါးတို့၏ ရေထွက်ပေါက်များတွင် အမှိုက်နှင့် နှုံးများ ပိတ်ဆို့နေမှုအခြေအနေများ၊ ရေစီးလမ်းကြောင်းရှင်းလင်းမှုအခြေအနေများကို စစ်ဆေးခဲ့ကြပြီး ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများကို မိုးရာသီမတိုင်မီ အပြီးသတ်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် မြို့တော်ဝန်သည် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ဗိုလ်မင်းရောင်လမ်းပေါ်ရှိ အမှတ်(၂) ရေထိန်းတံခါးနှင့် ထားဝယ်ချောင်ရေတံခါးတို့ကို လာရောက်ကြည့်ရှုစစ်ဆေးရာ လွှတ်တော်ကိုယ်စားလှယ်များက သွားရောက်ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်ရေတံခါး၊ အလံအုတ်ရိုးရေတံခါး၊ သားပိုက်ရိုးရေတံခါးနှင့် ကျုံပိုင်ရေတံခါးတို့ကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များက ရေစီးရေလာကောင်းမွန်စေရေးအတွက် လိုအပ်ချက်များ တင်ပြကာ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် မြို့တော်ဝန်သည် ဒဂုံအရှေ့စက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းကျော်နှင့်အတူ စက်မှုဇုန်အတွင်းရှိ ပင်မရေထုတ်မြောင်းကိုလည်း ဆက်လက်စစ်ဆေးခဲ့ပြီး ရေထုတ်မြောင်းအတွင်း ရေဆိုးများ စွန့်ထုတ်နေသော စက်ရုံများမှ တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်ချက်များကို မှာကြားခဲ့ပြီး သက်ဆိုင်ရာဌာနများအား ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြသည်။