အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(ပြည်တွင်း) မေ ၄

ဥဇဘတ်ကစ္စတန်နိုင်ငံတွင် ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံ+၃ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (29th ASEAN+3 Finance Ministers’ and Central Bank Governors’ Meeting – AFMGM+3) သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (AMRO) တို့မှ ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း မေခရိုစီးပွားရေးအလားအလာများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ဖြစ်ပေါ်နေမှုကိုလည်း ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတက်ရောက်သူများက ဒေသတွင်းတွင် စိန်ခေါ်မှုများနှင့် မသေချာမရေရာမှုများ မြင့်တက်နေသည့်အခြေအနေတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှုစနစ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် အာဆီယံ+၃ နိုင်ငံများအကြား ညီညွတ်မှုကို အားကောင်းစေရန် အရေးကြီးကြောင်း အလေးထားပြောကြားခဲ့ကြသည်။

ထို့အပြင် မေခရိုစီးပွားရေးနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် မူဝါဒဆိုင်ရာ ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထောက်ခံကြသည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ဆက်လက်ဖွင့်လှစ်ထားရှိမည်ဖြစ်ပြီး ထောက်ပံ့ရေးကွင်းဆက်များ ခိုင်မာစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ စည်းမျဉ်းများနှင့်အညီ ပွင့်လင်းမြင်သာပြီး တန်းတူညီမျှသော ဘက်စုံကုန်သွယ်ရေးစနစ်ကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်းလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ဒေသတွင်းတည်ငြိမ်မှုနှင့် စီးပွားရေးခံနိုင်ရည်အားကို မြှင့်တင်ရာတွင် အာဆီယံ+၃ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို ထပ်မံအလေးထားပြောကြားခဲ့ကြပြီး ဇင်းမယ်အစီအစဉ်အပါအဝင် ဒေသတွင်း ငွေရေးကြေးရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်အားကောင်းစေရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးအတွင်း ဒေါက်တာခင်နိုင်ဦးက အာဆီယံ+၃ ဒေသတွင်းနိုင်ငံများ၏ စီးပွားရေးသည် ၂၀၂၆ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုလျော့နည်းလာမှုနှင့်အတူ တည်ငြိမ်မှုရှိသည့် တိုးတက်မှုဖြင့် စတင်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံရေးတင်းမာမှုများနှင့် စွမ်းအင်ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် မသေချာမရေရာမှုများ တိုးလာနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် စွမ်းအင်လုံခြုံရေးသည် မေခရိုစီးပွားရေးတည်ငြိမ်မှုအတွက် အရေးပါသည့် အချက်တစ်ခုဖြစ်လာကြောင်း၊ ဒေသတွင်း စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဘဏ္ဍာငွေထောက်ပံ့မှုများကို တိုးမြှင့်ရန် လိုအပ်ကြောင်းလည်း ထောက်ပြခဲ့သည်။

ဗဟိုဘဏ်များအနေဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် သတိထားစောင့်ကြည့်ပြီး လိုက်လျောညီထွေဖြစ်စေမည့် မူဝါဒများ ချမှတ်ရန်လိုအပ်ကြောင်း၊ အရင်းအနှီးစီးဆင်းမှုကို ထိန်းချုပ်နိုင်ရေးနှင့် နိုင်ငံခြားငွေကြေးဈေးကွက်ကို ခိုင်မာစေရေးသည်လည်း အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ဒေသတွင်း စီးပွားရေးတည်ငြိမ်ခိုင်မာစေရေးအတွက် အာဆီယံ+၃ အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။