တာချီလိတ်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးမှုများဖြစ်ပွား

(ပြည်တွင်း) မေ ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စုတွင် ယမန်နေ့ မေလ ၃ ရက် မွန်းလွဲပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီးကာ ကျေးရွာအဝင်ဆိုင်းဘုတ်မုခ်ဦးမှာလည်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်ခတ်မှုကြောင့် မိုင်းဖုန်း(က)အုပ်စု၊ ဝမ်တုံရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(ဝမ်တုံ)၏ အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေရှိ နှင်းဆီဆောင် RCC လေးခန်းတွဲ နှစ်ထပ်ကျောင်းဆောင်မှ သွပ်အမိုးပြားများနှင့် မျက်နှာကျက်များ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အလျား ၉၀ ပေ၊ အနံ ၃၀ ပေရှိ ခတ္တာဆောင် RCC တစ်ထပ် အမိုးလည်း အနည်းငယ် ပျက်စီးခဲ့ပြီး ကျေးရွာအဝင် ဆိုင်းဘုတ်မုခ်ဦးပြိုကျမှုကြောင့် လမ်းပိတ်ဆို့ကာ လျှပ်စစ်မီးများ ယာယီပြတ်တောက်ခဲ့ရကြောင်း ဒေသခံများထံမှသိရှိရသည်။