ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်း

(ပြည်တွင်း) မေ ၄

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်၌ ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်သံဃာတော်များ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော်ကြီးထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပိဋကသုံးပုံအဋ္ဌကထာ ကွန်ပျူတာစာစီမူကျမ်းစာအုပ်များ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းလျှောက်ထားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အဆိုပါကျမ်းစာအုပ်များကို ဆရာတော်သံဃာတော်များထံ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အလှူရှင်များက အလှူငွေများလည်း လှူဒါန်းခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော် မဟာထေရ်မြတ်က အနုမောဒနာတရားနှင့် ရေစက်သွန်းချတရားဟောကြားခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ယခုလှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာတင် အဋ္ဌကထာကျမ်းစာ ၅၁ အုပ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ကွန်ပျူတာစာစီမူဖြင့် ပြုစုခဲ့ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပုံနှိပ်ထုတ်ဝေပြီးစီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဆဋ္ဌသင်္ဂါယနာတင် ဋီကာကျမ်းစာ ၂၆ အုပ်ကိုလည်း ဆက်လက်ပြုစုလျက်ရှိပြီး လက်ရှိတွင် နှစ်အုပ်ပြီးစီးထားကြောင်း၊ ကျန်စာအုပ်များကို ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။ ထို့ပြင် ပုံနှိပ်ပြီးသော အဋ္ဌကထာကျမ်းစာများကို e-book စနစ်ဖြင့် ဖတ်ရှုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ပရိယတ္တိသာသနာပြန့်ပွားရေးနှင့် စာသင်စာချလုပ်ငန်းများတွင် အထောက်အကူပြုရန် ရည်ရွယ်၍ ဓမ္မဒါနကုသိုလ်အဖြစ် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။