ရထားလမ်းကူးနှင့် ရထားပို့ဆောင်ရေးဥပဒေများ လိုက်နာရန် သတိပေး

(ပြည်တွင်း) မေ ၄

ရထားလမ်းပိုင်းများ၊ ရထားစက်ခေါင်းများနှင့် တွဲဆိုင်းများ ခေတ်မီတိုးတက်လာခြင်းနှင့်အတူ ရထားများ၏ အမြန်နှုန်းမှာ ယခင်ထက် နှစ်ဆခန့် ပိုမိုမြန်ဆန်လာနေကြောင်းနှင့် ရထားလမ်းကူးများ၊ ရထားလမ်းအနီးနေထိုင်သူများနှင့် တိရစ္ဆာန်ထိန်းကျောင်းသူများ အထူးသတိထားရန် လိုအပ်ကြောင်း မြန်မာ့ မီရထားမှ သတိပေးထားသည်။

ရထားလမ်းကူးများတွင် မော်တော်ယာဉ်များ၊ လှည်းများ၊ ထော်လာဂျီများ ဖြတ်သန်းရာ၌ ရထားကို မြင်လျက်နှင့် မဆင်မခြင် ဖြတ်ကူးခြင်း၊ ရထားလာနေခြင်းကို ဂရုမပြုဘဲ ဖြတ်ကူးခြင်းများသည် လွန်စွာအန္တရာယ်ကြီးကြောင်း ဖော်ပြထားသည်။ ဂိတ်တံခါးရှိ ရထားလမ်းကူးများတွင် ဂိတ်ပိတ်ထားပါက မဖြတ်သန်းဘဲ စောင့်ဆိုင်းရန်နှင့် ဂိတ်မရှိသည့်နေရာများတွင်လည်း အန္တရာယ်ကင်းသည့်အခြေအနေတွင်သာ ဖြတ်သန်းရန် တိုက်တွန်းထားသည်။

ထို့အပြင် ရထားလမ်းပေါ်တွင် သစ်တုံး၊ ကျောက်ခဲ၊ အခြားတစ်စုံတစ်ရာတို တင်ထားခြင်း၊ ပစ်ချထားခြင်း၊ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း သိုမဟုတ် အခြားတစ်စုံတစ်ရာပြုလုပ်ခြင်း၊ ရထားလမ်းရှိ ဇလီဖားတုံး၊ ရထားလမ်းနှင့်ဆိုင်သည့် မည်သည့်အရာကိုမဆို ထုတ်ခြင်း၊ ဖယ်ခြင်း၊ လျှော့ခြင်း၊ ရွှေ့ခြင်း၊ ဖျက်ခြင်း၊ လမ်းလွှများ၊ ရထားစက်ကိရိယာများ၊ ရထားလမ်းအချက်ပြများ စသည်တို့ကို ဖျက်ဆီးခြင်းတို့သည် ပြင်းထန်သော ပြစ်မှုများဖြစ်ကြောင်းနှင့် ရထားပို့ဆောင်ရေးဥပဒေ ပုဒ်မ ၇၉ အရ ပြစ်မှုထင်ရှားပါက အနည်းဆုံး ၅ နှစ်မှ အများဆုံး ၂၀ နှစ်ထိ ထောင်ဒဏ်နှင့် ငွေဒဏ် ချမှတ်နိုင်ကြောင်း သတိပေးထားသည်။

ထို့အပြင် ရထားစတင်ထွက်ခွာစဉ် ရထားပေါ်ခုန်တက်ခြင်း၊ ရထားမရပ်မီ ခုန်ဆင်းခြင်း၊ ရထားအမိုး၊ အကာ၊ ခြေနင်း၊ တွဲကြားနှင့် သတ်မှတ်ခွင့်ပြုချက်မရှိသောနေရာများမှ စီးနင်းလိုက်ပါခြင်း၊ ရထားပေါ်တွင် အခြားသူကို စိတ်ငြိုငြင်စေရန် ပြုမူပြောဆိုခြင်း၊ အနှောင့်အယှက်ပေးခြင်း၊ ရထားပေါ်နှင့် ရထားနယ်နိမိတ်အတွင်း တောင်းရမ်းစားသူ၊ ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသူ၊ နေထိုင်သူကို ထွက်ခွာသွားရန် ရထားဝန်ထမ်းက ညွှန်ကြားသည်ကို ငြင်းဆန်ခြင်း၊ တာဝန်ရှိရထားဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်ခြင်း၊ တားဆီး၊ ဟန့်တားခြင်း သို့မဟုတ် အနိုင်အထက်ပြုခြင်း၊ ရထားလမ်းကူးများတွင် ရထားလာသည့်အခါ ဂိတ်ပိတ်ထားသည်ကို ခွင့်ပြုချက်မရှိဘဲ ဖွင့်ခြင်း၊ ဖြတ်သန်းခြင်း၊ ရထားဖြတ်သန်းပြီးသည့်အခါ ဂိတ်ဖွင့် ထားသည်ကို ပိတ်ခြင်းစတို့သည်လည်း ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါပြစ်မှုများအတွက် သုံးလထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်ကြောင်း သိရသည်။ ဘူတာနှင့် ရထားတွဲများတွင် သတ်မှတ်မထားသည့်နေရာများ၌ ဆေးလိပ်သောက်ခြင်းသည်ပင် ဥပဒေအရ အရေးယူခံရနိုင်ကြောင်းလည်း သတိပေးထားသည်။

ရထားပို့ဆောင်ရေးလုပ်ငန်း ခေတ်မီတိုးတက်လာသကဲ့သို့ ဥပဒေစည်းမျဉ်းများကို လိုက်နာခြင်းဖြင့် အန္တရာယ်ကင်းရှင်းမှုကို ရရှိနိုင်ကြောင်း သတိပေးနှိုးဆော်ထားသည်။