မြစ်ကြီးနားမြို့တွင် ရေခဲသေတ္တာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

(မှုခင်း) မေ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်၊ လမ်းသွယ်(၃)တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ နံနက် ၈နာရီ၁၅မိနစ် အချိန်ခန့်က မြစ်ကြီးနားမြို့၊ မြို့သစ်ကြီးရပ်ကွက်နေ နေအိမ်ပိုင်ရှင် ဦးဇော်လွင် (အသက် ၅၀) ၏ (၂၇ x ၁၈) ပေရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် အိပ်ခန်းအတွင်းရှိ ပလိုင်ဝုဒ် (plywood) အခန်းကန့်တွင် တပ်ဆင်ထားသော ရေခဲသေတ္တာ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။

မီးလောင်သည့်နေရာသို့ မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီးနှင့် မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၀၈း၃၀ အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် အိမ်ပိုင်ရှင် ဦးဇော်လွင် (အသက် ၅၀) ၏ (၂၇ x ၁၈) ပေရှိ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း နှစ်ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင် ပျက်စီးခဲ့ပြီး၊ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ၊ မီးပေါ့ဆစွာ အသုံးပြုသည့် အိမ်ပိုင်ရှင် ဦးဇော်လွင်အား မြစ်ကြီးနားမြို့နယ် ရဲစခန်းမှ (ပ) ၁၅/၂၀၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။