ပဲခူးတိုင်းနှင့်မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိမှုများဖြစ်ပွား

(မှုခင်း) မေ ၄

၂၀၂၆ ခုနှစ်၊ မေ ၁ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်း၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာရရှိမှု ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပထမဖြစ်စဉ်အရ မေ ၁ ရက် မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ပြည်သူ့ဆေးရုံသို့ အမျိုးသမီးတစ်ဦး ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာတွင် အဆိုပါဖြစ်စဉ်မှာ မွန်းတည့် ၁၂ နာရီခန့်က ရွှေကျင်မြို့နယ်၊ အင်းဂနီကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်းသို့ လက်နက်ကြီးပစ္စည်းတစ်မျိုး ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုတိယဖြစ်စဉ်အရ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ရောက်ရှိခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမှုအရ အဆိုပါဖြစ်စဉ်သည် ဧပြီ ၃၀ ရက် မွန်းလွဲပိုင်းက မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ဆယ်ပင်းကျေးရွာအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်နှင့် ဆက်စပ်နိုင်ကြောင်း သိရပြီး ထိုပေါက်ကွဲမှုကြောင့် ကျေးရွာနေ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း စိစစ်ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စစ်ဆေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူများအား ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။