မြိတ်ခရိုင်တွင် နိုင်ငံသားကတ်နှင့် UID ကတ် ထုတ်ပေးရေးကိစ္စ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေး

(ပြည်တွင်း) မေ ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ရုံးခန်းမ၌ ၂၀၂၆ ခုနှစ် မေ ၃ ရက် နေ့လယ် ၄ နာရီအချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး လဝကညွှန်ကြားရေးမှူးနှင့်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး လဝကညွှန်ကြားရေးမှူးက ရက် (၁၀၀) အတွင်း အသက် (၁၀) နှစ်ပြည့်နှင့် (၁၈) နှစ်ပြည့်သူများအပါအဝင် အရွယ်ရောက်သူများနှင့် သက်ကြီးရွယ်အိုများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် ကတ်ပြားပြုလုပ်မည့် ပြည်သူများကို လွှတ်တော်ကိုယ်စားလှယ်များမှ မိမိတို့အဖွဲ့များနှင့် ပူးပေါင်း၍ စုစည်းကာ သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ ပို့ဆောင်ပေးရန်၊ စာသင်ကျောင်းများသို့လည်း ကွင်းဆင်းဆောင်ရွက်ရန်၊ အင်တာနက်လိုင်းရှိသည့် ကျေးရွာများကို အခြေပြု၍ နီးစပ်ရာကျေးရွာများမှ ပြည်သူများအား ကတ်ပြားများ ပြုလုပ်ပေးနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ပူးပေါင်းကူညီပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

မြိတ်ခရိုင် လဝကဦးစီးမှူး ဦးအောင်မြင့်ကလည်း ခရိုင်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍ ဆက်လက်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လွှတ်တော်ကိုယ်စားလှယ်များမှ မြေပြင်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီး လဝကညွှန်ကြားရေးမှူးမှ ပြန်လည်ရှင်းလင်း၍ ဆောင်ရွက်ရမည့် နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို ညနေ ၅ နာရီတွင် ရပ်နားခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၅) ဦးနှင့် ပြည်သူ့ပါတီမှ လွှတ်တော်ကိုယ်စားလှယ် (၄) ဦး စုစုပေါင်း (၉) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

#PAN