ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သင်္ဘောကျင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

(ပြည်တွင်း) မေ ၄

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် မေလ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်းနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဦးစွာ ကမာရွတ်မြို့နယ်ရှိ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း၏ တန်ချိန် ၁၂၀၀၀ ရေလုံလွန်းကျင်းသို့ ရောက်ရှိရာ ဓာတ်ငွေ့ရည်တင်ရေယာဉ်များ လွန်းတင်ပြင်ဆင်နေမှု၊ ရေယာဉ်များ ဆက်လက်လွန်းတင်နိုင်မှုနှင့် လှိုင်မြစ်ကမ်းဘေးတွင် အမာခံလွင်ပြင်လွန်းကျင်း ဖော်ထုတ်ဆောင်ရွက်နေမှုတို့ကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ထိုအခြေအနေများအပေါ် ပြည်ထောင်စုဝန်ကြီးက လွန်းတင်ရေယာဉ်များကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်အချိန်မီ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို အလေးထားရန်၊ ကျွမ်းကျင်လုပ်သားများ ပေါ်ထွန်းရေးအတွက် စဉ်ဆက်မပြတ် လေ့ကျင့်ပေးရန်နှင့် ဝန်ထမ်းများ၏ ကျန်းမာရေးအသိပညာ တိုးတက်စေရန် မှာကြားခဲ့သည်။

ထို့နောက် ၇၆ မီတာ အထွေထွေကုန်တင်ကမ်းထိုးရေယာဉ် တည်ဆောက်နေမှုနှင့် ၁၉၀ ပေ ကမ်းရိုးတန်းသွားရေယာဉ် စက်မကြီးတပ်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေယာဉ်ဒီဇိုင်းနှင့်အညီ စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရန်နှင့် အရည်အသွေးစစ်ဆေးမှုများကို အလေးထားလုပ်ဆောင်ရန် မှာကြားခဲ့သည်။

ယင်းနောက် ဂဟေလေ့ကျင့်ရေးသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးရာတွင် သင်တန်းများ တိုးချဲ့ဖွင့်လှစ်ရန်၊ သင်တန်းပြီးဆုံးသူများအား အရည်အချင်းစိစစ်ပြီး အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး စီစဉ်ရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် စက်ဆန်းသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုရာ ရေယာဉ်တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ၊ ဝင်ငွေရရှိမှုအခြေအနေများနှင့် မာန်အောင် (၃) တွန်းဆွဲရေယာဉ် ပြုပြင်နေမှုများကို တင်ပြခဲ့ကြသည်။

ထိုအပေါ်တွင် ပြည်ထောင်စုဝန်ကြီးက ရေယာဉ်တည်ဆောက်ပြုပြင်ရာတွင် ဒီဇိုင်း၊ လက်ရာနှင့် အသုံးပြုပစ္စည်းများကို စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးကို အလေးထားရန်နှင့် နိုင်ငံပိုင်အဖွဲ့အစည်းများအနေဖြင့် ဝင်ငွေတိုးတက်ရေးအတွက် ဈေးကွက်ရှာဖွေ ဆောင်ရွက်ရန် ဖြည့်စွက်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မာန်အောင် (၃) တွန်းဆွဲရေယာဉ် ပြုပြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။