“ချောင်းဆုံတွင် စိုက်ပျိုးရေးဖွံ့ဖြိုးရေး အရှိန်မြှင့်—ပိုက်ဆံလျှော်စိုက်ပျိုးရေးနှင့် ပန်းတိုင်သီးနှံ စစ်တမ်းများ ကွင်းဆင်းကြည့်ရှု”

(ပြည်တွင်း) မေ ၃


မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများသည် မေလ ၃ ရက် နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းမြင့်မောင်လေးနှင့် တာဝန်ရှိသူများက တောင်စွန်းကျေးရွာ ကွင်းအမှတ် ၆၅၉-A ၊ ဦးပိုင်အမှတ် ၁၄၃/၁၊ မုနိုင်းကွင်းရှိ တောင်သူ ဦးမောင်ဝင်း၏ လယ်(၅)ဧကနှင့် တောင်စွန်းကျေးရွာရှိ လယ်မြေဧက စုစုပေါင်း ဧက (၅၀)ပေါ်တွင် မျိုးစေ့ထုတ် စိုက်ခင်း ပိုက်ဆံလျှော်စိုက်ပျိုးမည့်အခြေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ လမ်းညွန်မှာကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဝန်ကြီးသည် ကမာမိုကျေးရွာ ရှိ ရွှေဟင်္သာခန်းမတွင် ပြုလုပ်နေသော ပန်းတိုင်သီးနှံများ စိုက်ပျိုးနိုင်မှုအခြေပြု စစ်တမ်းကောက်ယူမှုတွင် ပါဝင်နေသည့် တောင်သူများနှင့် တွေ့ဆုံကာ အမှာစကားပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ကမနင်းကျေးရွာ ကျေးရွာခန်းမတွင် ပြုလုပ်နေသော ပန်းတိုင်သီးနှံ စိုက်ပျိုးနိုင်မှုအခြေပြု စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်ချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။