“မန္တလေးငလျင်ကြောင့်ပျက်စီးသည့် နန်းတော်ဦးလောကမာရဇိန်စေတီ စိန်ဖူးတော်ပြန်လည်ပင့်ဆောင်ပူဇော်”


(ပြည်တွင်း) မေ ၃


၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော မန္တလေးငလျင်ကြီး ကြောင့် ပျက်စီးခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်ရှိ နန်းတော်ဦး လောကမာရဇိန်စေတီတော် အား စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ပင့်ဆောင်ပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားကို သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ် ပဋိသောတဂါမိနီဓမ္မဗိမ္မာန်တော်တွင် ကျင်းပခဲ့ပြီး ကျောင်းအုပ်ဆရာတော် ဒေါက်တာ အရှင်တိက္ခသာရ အမှူးပြုသည့် သံဃာတော်များ ကြွရောက်တော်မူခဲ့သည်။ ထို့ပြင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။


အခမ်းအနားအစတွင် တိုင်းမှူးနှင့် တက်ရောက်လာသူများသည် ဆရာတော်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး မင်္ဂလာအချိန်တွင် ငွေခရုသင်း၊ အိုးစည်ဗုံမောင်းများဖြင့် တီးမှုတ်ကာ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ဆင်တော်မင်္ဂလာပေါ်သို့ ပင့်ဆောင်ခဲ့ကြသည်။


ထို့နောက် ကေတုမတီမြို့သစ် ရှိ သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်မှ စတင်ကာ နန်းတော်ဦး လောကမာရဇိန်စေတီတော်သို့ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်ကို ဆင်တော်ဖြင့် ပင့်ဆောင်ခဲ့ရာ လမ်းတလျှောက်တွင် ပြည်သူများက ဖူးမြှော်ကြည်ညိုကြပြီး အခမ်းအနားသည် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


အဆိုပါ ပင့်ဆောင်ပူဇော်ပွဲသည် ငလျင်ကြောင့် ပျက်စီးခဲ့သော သမိုင်းဝင် ဘုရားစေတီတော် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ၏ အရေးပါသည့် အဆင့်တစ်ရပ်ဖြစ်ကြောင်း သိရသည်။

#PAN