(ပြည်တွင်း) မေ ၂
ရှမ်းပြည်နယ် မိုင်းပျဉ်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးခန်းမတွင် မေ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်၌ လေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များဖြစ်သည့် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝီဆင်မိုး နှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းအောင် တို့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝိုးစိန်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေနှင်းသက် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အပါအဝင် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

အစီအစဉ်တွင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီးနှင့် အာခါတိုင်းရင်းသားရေးရာဝန်ကြီးတို့မှ လေဘေးသင့်ပြည်သူများအား အားပေးစကားများ ပြောကြားခဲ့ပြီး ကူညီထောက်ပံ့ရေးဆိုင်ရာ အစီအစဉ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် လေဘေးသင့်ပြည်သူ (၆၀) အိမ်ထောင်စုအား ထောက်ပံ့ကြေးများကို အသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

#PAN