လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ ကွင်းဆင်းဆောင်ရွက်

(ပြည်တွင်း) ဧပြီ ၂၈

လေးမျက်နှာမြို့နယ်၊ ဟင်္သာတခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး တွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဒေသခံပြည်သူများ၏ လူမှုဘဝနှင့် ဖွံ့ဖြိုးရေးလိုအပ်ချက်များအတွက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးမြင့်စိုးနှင့် ဒေါ်စန်းစန်းချိုတို့သည် အိုင်သပြုကျေးရွာအုပ်စု ကျောင်းကြီးပိုင်းရပ်ကွက်၌ ငဝန်မြစ်ကမ်းပြိုမှုကြောင့် ရွေ့ပြောင်းရမည့် နေအိမ်များအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့သည်။ ထို့အပြင် လျှပ်စစ်မီးလိုင်းများ ပြန်လည်သွယ်တန်းပေးနိုင်ရေးနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့သည်။

ထို့နောက် လေးမျက်နှာမြို့သို့ ပြန်လည်ထွက်ခွာကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်ကာ မြို့နယ်ပညာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်နိုင်ရေး၊ လူငယ်စာဖတ်ဝိုင်းများ ပြုလုပ်ပေးရေးနှင့် လူငယ်များအတွက် အကျိုးရှိသော စာပေဟောပြောပွဲများ ကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ယင်းနေ့ ညနေ (၁၆:၀၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနိုင်နှင့် မြို့နယ်ပါတီတာဝန်ရှိသူများသည် ခတ္တူကျေးရွာရှိ ငှက်ပျောတောကျေးရွာလမ်း တာဖို့လုပ်ငန်း ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များကို တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဒေသရှိ သမိုင်းဝင် ထူပါရုံစေတီတော်မြတ်အားလည်း သွားရောက်ဖူးမြော်ခဲ့ကြောင်း သိရသည်။