ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ဖယ်ခုံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ကွင်းဆင်းဆောင်ရွက်

(ပြည်တွင်း) ဧပြီ ၂၈

ဖယ်ခုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးစိုင်းကျော်ရင်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၂၃ ရက်မှ ၂၇ ရက်အထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ ကိစ္စရပ်များအတွက် ကွင်းဆင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်လွှတ်တော်ကိုယါစားလှယ်မှ ပြည်သူများအတွက် ပုံစံ (၁၀၅) နှင့် ပုံစံ (၇) စာရွက်စာတမ်းများ လွယ်ကူမြန်ဆန်စွာ ထုတ်ယူနိုင်ရေး၊ အထက (၂) ဖယ်ခုံကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းဆောင်များ၏ ပျက်စီးမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့အတူ ဧပြီလ ၂၅ ရက် နံနက်ပိုင်းတွင် မြို့ကုန်းညောင်ပင်သာ ဘုန်းတော်ကြီးကျောင်း၌ နေရပ်ပြန် စစ်ဘေးရှောင်ပြည်သူ (၆၀) ဦးအား သက်ဆိုင်ရာဌာနများမှ စိစစ်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးကာ အားပေးစကား ပြောကြားခဲ့ပြီး မွန်းလွဲပိုင်းတွင် ကယန်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်အေးချိုစိန်နှင့်အတူ ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ ကျန်းမာရေးဝန်ထမ်းအိမ်ယာများ၏ ပျက်စီးမှုများကို သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်သည် ညနေပိုင်းတွင် ကုန်းဆုံကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ နွေစပါးစိုက်ပျိုးတောင်သူများအတွက် စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှု လုပ်ငန်းစဉ်များကို သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး ကုန်းဆုံကျေးရွာအုပ်စုအတွင်းရှိ ကျောင်းများအတွက် ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။