ကျောင်းကုန်းမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံး

(မှုခင်း) ဧပြီ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၊ ထန်းတပင်အုပ်စု၊ ဒူးချဆိပ်ရွာ၌ မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။

ဧပြီလ ၂၆ ရက်နေ့ ညနေ၅နာရီခွဲအချိန်က ဒူးချဆိပ်ရွာနေသူ ဦးဝင်းလှိုင်(၅၈)နှစ်သည် ဦးသန်းညွန့်၊ ဦးအောင်သူတို့နှင့်အတူ ဒူးချဆိပ်ကျေးရွာအပြင်ဘက်ရှိ “တောင်ယာစု”လယ်ကွင်းအတွင်း နွားစာဖြစ်သည့် ကောက်ရိုးများအား ထော်လာဂျီယာဥ်ဖြင့် သွား ရောက်တင်ဆောင်နေစဉ် လေပြင်းများတိုက်ခတ်၍ မိုးအနည်းငယ်ရွာသွန်းပြီး ရုတ်တရက်မိုးကြိုးပစ်ချခဲ့ရာ ဦးဝင်းလှိုင်အား မိုးကြိုးစက်ကွင်းထိမှန်၍ နေရာတွင်မြေပြင်ပေါ်သို့ လဲကျသေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ၎င်းနှင့်အတူသွားရောက်ခဲ့သောအဖော်နှစ်ဦးမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်မိသားစုထံအကြောင်းကြားကာ ဒေါင့်ကြီးတိုက်နယ်ဆေးရုံသို့ ပို့ဆောင်၍ ဒေါင့်ကြီးနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၂၆)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။