
(နိုင်ငံတကာ)ဧပြီ ၂၈
ဗြိတိန်ဘုရင် ချားလ်စ်နှင့် မိဖုရား ကာမီလာတို့သည် ၄ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် အမေရိကန်ပြည်ထောင်စုသို့ တနင်္လာနေ့တွင် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤခရီးစဉ်သည် အမေရိကန် လွတ်လပ် ရေးကြေညာစာတမ်း အနှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အဖြစ် လာရောက်ခြင်းဖြစ်ပြီး ဆယ်စုနှစ်နှစ်ခုအတွင်း ဗြိတိန်ဘုရင်တစ်ပါး၏ ပထမဆုံးသော အမေရိကန်ခရီးစဉ်လည်း ဖြစ်သည်။
ယခုခရီးစဉ်သည် ကာလရှည်ကြာ စီစဉ်ထားခြင်းဖြစ်ပြီး နှစ်နိုင်ငံကြား အီရန်စစ်ပွဲနှင့် ပတ်သက်၍ သဘော ထားကွဲလွဲမှုများ ရှိနေချိန်နှင့် ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရက်ပိုင်းအတွင်းမှာပင် ခရီးစဥ်ကို စတင်ခဲ့ခြင်း ဖြစ်သည်။
ယခုသီတင်းပတ်အတွင်း အစီအစဉ်များတွင် အမေရိကန် လွှတ်တော်၌ မိန့်ခွန်းပြောကြားခြင်း၊ အိမ်ဖြူတော် ၌ ခမ်းနားထည်ဝါသော နိုင်ငံတော်ညစာစားပွဲ တက် ရောက်ခြင်းနှင့် နယူးယောက်မြို့သို့ သွားရောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။ ဝါရှင်တန်သို့ ရောက်ရှိချိန်တွင် ဘုရင်နှင့် မိဖုရားတို့သည် သမ္မတ၊ သမ္မတကတော် မီလန်နီယာထရန့်တို့နှင့်အတူ သီးသန့် လက် ဖက်ရည်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရန် စီစဉ်ထားသည်။
၁၉၅၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိနေသည့် ဗြိတိန်-အမေရိကန် “ထူးခြားသော ဆက်ဆံရေး” ကို ပြန်လည်မြှင့်တင်ရန် ဤခရီးစဉ်က ရည်ရွယ်ထားသည်။ ဗြိတိန်တော်ဝင်မိသားစုကို အလွန်နှစ်သက်သူဖြစ်သည့် သမ္မတထရန့်သည် ချားလ်စ်ဘုရင်ကို “ကြီးမြတ်သူတစ်ဦး” ဟု အမြဲတစေ ရည်ညွှန်းလေ့ရှိပြီး အိမ်ဖြူတော်၌ ခမ်းနားသော နိုင်ငံတော်ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် စီစဉ်ထားသည်။
ဘုရင်ကြီးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကတည်းက စတင်ခဲ့သော ကင်ဆာရောဂါ ကုသမှုကို ခံယူနေရဆဲဖြစ်ပြီး ယခုအခါ အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည်။ ဘုရင်ကြီးသည် အမေရိကန်လွှတ်တော်၌ သမိုင်းဝင်မိန့်ခွန်း ပြောကြားမည်ဖြစ်ပြီး နယူးယောက်မြို့ရှိ စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှု အထိမ်း အမှတ်နေရာသို့လည်း သွားရောက် ဂုဏ်ပြုမည်ဖြစ်သည်။ ၎င်းနောက် ဗာဂျီးနီးယားပြည်နယ်တွင် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးသမားများနှင့် တွေ့ဆုံကာ ခရီးစဉ်ကို အဆုံးသတ်မည်ဖြစ်သည်။
သံတမန်ရေးအရ ချစ်ကြည်မှုများရှိသော်လည်း အမေရိကန်ကို ဗြိတိန်က စစ်ရေးအရ အပြည့်အဝ မထောက်ခံသည့်အတွက် ဖော့ကလန်ကျွန်းစု (Falkland Islands)အရေးတွင် အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲနိုင်ကြောင်း အရိပ်အယောင်များကြောင့် ဆက်ဆံရေး တင်းမာမှုအချို့ ရှိနေဆဲဖြစ်သည်။ ထို့ပြင် ဂျက်ဖရီ အက်ပ်စတိန်း အရှုပ်တော်ပုံနှင့် ဆက်နွှယ်နေသည့် အင်ဒရူးမင်းသား၏ ကိစ္စရပ်များကြောင့်လည်း ယခုခရီးစဉ်အပေါ် ဝေဖန်မှုအချို့ ထွက်ပေါ်လျက်ရှိသည်။
#KingCharles #QueenCamilla #USAVisit #Trump #WhiteHouse #SpecialRelationship #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN